ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နေပြည်တော် ကောင်စီနယ်မြေအတွင်း ပထမဦးဆုံး ဖွဲ့စည်းနိုင်သော ရေအသုံးချသူများ အသင်း၏ အသင်းသား စုံညီ အစည်းအဝေးကို တပ်ကုန်းမြို့နယ် တွင် ကျင်းပ

 


နိုင်ငံတော်က ရင်းနှီးမြုပ်နှံမှုများစွာဖြင့် တည်ဆောက်ထားသည့် ဆည်ရေလှောင် တမံများ၏ ရေချိုသယံဇာတများ အလေအလွင့်မရှိစေရန် နှင့် ပြောင်းလဲ သက်ရောက် လျက်ရှိသော ရာသီဥတုအခြေအနေကြောင့် သိုလှောင်ရေများ ဆုံးရှုံးမှုမရှိ အထိရောက်ဆုံး သုံးစွဲနိုင်ရန်၊ စိုက်ပျိုးရေ အညီအမျှ သုံးစွဲ နိုင်ရေး အတွက် ဒေသနေတောင်သူများ ကိုယ်တိုင်ပါဝင်စီမံခန့်ခွဲနိုင်ရန် ၊ ရေအသုံးချသူများအဖွဲ့(WUG) နှင့် ရေအသုံးချသူများ အသင်း(WUA)ကို တည်ဆဲ အသင်းအဖွဲ့ဥပဒေများ နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး အတွက် သီးထပ်ဧရိယာများတိုးတက်လာစေရန်  ယခုကဲ့သို့သော အဖွဲ့အစည်းများ အားကောင်းဖို့၊ ခိုင်မာဖို့၊ စည်းလုံးညီညွှတ်ဖို့ အရေးကြီး ကြောင်း၊ ဇူလိုင်လ (၂၆)ရက်နေ့ နံနက်ပိုင်းက တပ်ကုန်မြို့ အောင်ဆန်းခန်းမ တွင် ကျင်းပပြုလုပ်သော ဆင်သေ ဆည်ရေသောက်စနစ် ၊ ဆင်သေလက်ဝဲမြောင်းမကြီး လက်တန်(၂)မြောင်း ရေအသုံးချသူများ အသင်း ၏ အသင်းသားစုံညီ အစည်းအဝေး  တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင် နှင့် ကောင်စီ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆင်သေဆည်ရေ သောက် စနစ်၊ လက်ဝဲမြောင်း လက်တံ(၂) မှ ရေအသုံးချသူများအသင်း(WUA) အသင်းသူ အသင်းသား (၄၀၀)ခန့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ စိုက်ပျိုးရေးကို အခြေခံပြီး စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် တောင်သူများ ၏ အဖွဲ့အစည်းဖြင့်ဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု နှင့် ဝီရိယထား ကြိုးပမ်း အားထုတ်မှုများသည် အလွန်အရေးပါကြောင်း၊  ယခုကဲ့သို့ တောင်သူများ ပါဝင်သော ရေအသုံးချသူများ အသင်းအဖွဲ့များ ဖွဲ့စည်း နိုင်ခြင်း အားဖြင့် ရေပေးဝေရေး သာမက မျိုးနှင့်သွင်းအားစုများဝယ်ယူခြင်း၊ ထွက်ကုန်များရောင်းချခြင်း စသော စိုက်ပျိုးရေး ကဏ္ဍများတွင်လည်း တောင်သူအချင်းချင်း ရင်းနှီးမှု၊ ရိုင်းပင်းကူညီမှု၊ ပူပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာကာ  တောင်သူတစ်ဦးချင်း၏ ထုတ်လုပ်မှု နှင့် တစ်ဧကစီ၏ သီးနှံထွက်စွမ်းအားမြင့်မားလာမှု နှင့်အတူ ဝင်ငွေများတိုးတက်လာပြီး လူနေမှုအဆင့်အတန်းမြင့်မားလာရေး၊ ဒေသ ဖွံ့ဖြိုးရေးကို များစွာအထောက်အကူ ပြုနိုင်မည် ဖြစ်၍ ယနေ့ရေအသုံးချသူများအသင်း ဖွဲ့စည်းနိုင်ခြင်းအပေါ် များစွာဂုဏ်ယူမိပါကြောင်း၊ ယခု အသင်း၏ အတွေ့အကြုံ နမူနာကောင်းများကို စံထားပြီး နိုင်ငံတစ်ဝှမ်း၌ ရေအသုံးချသူများအဖွဲ့(WUG) နှင့် ရေအသုံးချသူများ အသင်း(WUA)များ တိုးချဲ့ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဌ  က ပြောကြားရာတွင် ယနေ့ကျင်းပသော ရေအသုံးချသူများအသင်း၏ အသင်းသားစုံညီ အစည်းအဝေး သည် နေပြည်တော် ကောင်စီနယ်မြေအတွင်း ပထမဦးကျင်းပနိုင်သော အခမ်းအနား ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေကို စိမ်းလန်း သာယာ တင့်တယ်သော ဒေသအဖြစ်သာမက စိုက်ပျိုး မွေးမြူရေးကဏ္ဍ၏ စံပြဒေသတစ်ခုအဖြစ်  အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တောင်သူများ၏ ပူးပေါင်းဆောင်ရွက်မှု အားသည် အလွန်အရေးလျက်ရှိရာ ယခုကဲ့သို့ ရေအသုံးချမှုကို အခြေခံ၍ တောင်သူများ စုစည်းညီညွတ်စွာ ပါဝင်သော အသင်းတစ်ခု ပေါ်ပေါက်လာခြင်းအတွက် ဝမ်းမြောက် ဂုဏ်ပြုပါကြောင်း နှုတ်ခွန်းဆက်အားပေးစကား ပြောကြားသည်။

ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ( ရေအသုံးချသူများအသင်း WUA ) အသင်းဖွဲ့စည်းမှုအဆင့်ဆင့်၊ အကျိုးကျေးဇူးများ နှင့် အသင်းဖွဲ့စည်းနိုင်မှုအတွက် ကျေးဇူးတင်စကားပြောကြားပြီး၊ ရေအသုံးချသူများ အသင်း (WUA )ဦးဆောင်သူများဘုတ်အဖွဲ့  ဒုတိယဥက္ကဌ ဦးဝေလင်း က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

အစည်းအဝေး ပထမပိုင်းအပြီးတွင် ပြည်ထောင်စုဝန်ကြီး ၊ နေပြည်တော်ကောင်စီ ဥက္ကဌ နှင့် ဧည့်သည်တော်များသည် ရေအသုံးချသူများ အသင်း (WUA) ဦးဆောင်သူ ဘုတ်အဖွဲ့ ဝင်များနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ၊ အစည်းအဝေး တက်ရောက် လာကြသည့်  ရေအသုံးချသူများအသင်းဝင်များအား ပြည်ထောင်စုဝန်ကြီး နှင့်  နေပြည်တော်ကောင်စီ ဥက္ကဌ တို့က ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့ကြသည်။

အစည်းအဝေး ဒုတိယပိုင်းတွင် ရေအသုံးချသူများအဖွဲ့(WUG)တွင်ပါသည့် အဖွဲ့ ခေါင်းဆောင်များကိုရွေးချယ်ပြီး ရေအသုံးချသူများ အသင်း(WUA) အတွက် ဦးဆောင် သူများအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များ စသည့် အလုပ်အမှုဆောင်အဖွဲ့များ ကို အစည်းအဝေး တက်ရောက် လာသူ အသင်းဝင်များ၏ ဆန္ဒသဘောထားများဖြင့် ရွေးချယ်တင်မြှောက် တာဝန်ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ဆင်သေဆည်ရေသောက်စနစ် ၊ ဆင်သေလက်ဝဲမြောင်းမကြီး ၊ လက်တန်(၂) မြောင်းရှိ ရေအသုံးချသူများအဖွဲ့(WUG) ၂၂ဖွဲ့ မှ အဖွဲ့ဝင် တောင်သူ ၄၃၇  ဦး  တို့ပေါင်းစပ်ပြီး ရေအသုံးချသူများအသင်း(WUA)ကို ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။