ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

 မြန်မာနိုင်ငံ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီ ဖူလုံစေရေးနှင့် ဆီစက်များ အဆင့် မြှင့်တင်ရေး ဆောင်ရွက်ရန် လုပ်ငန်းဆွေးနွေးပွဲ ကျင်းပ

 

         မြန်မာနိုင်ငံ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံစေရေး နှင့် ဆီစက်များ အဆင့် မြှင့်တင်ရေး ဆောင်ရွက်ရန် လုပ်ငန်း ဆွေးနွေးပွဲ ကို ဇူလိုင်လ(၂၂) ရက်နေ့၊ မွန်းလွဲပိုင်းက နေပြည်တော် ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲ သို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီး မြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ သမဝါယမ နှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ၊ စက်မှု ဝန်ကြီး ဌာန ၊ ကျန်းမာရေး ဝန်ကြီးဌာန တို့မှ အမြဲတမ်း အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ၊ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ၊ မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များ အသင်း ၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း တို့မှ ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်များ တက်ရောက် ကြသည်။

      ရှေးဦးစွာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က အဖွင့် အမှာ စကား ပြောကြား ရာတွင် ပြည်တွင်းစားသုံးဆီ ဖူလုံရေး အတွက် သာမက နိုင်ငံတကာတွင် လက်ရှိ ဖြစ်ပေါ်နေသော စားသုံးဆီ လိုအပ်ချက် ဖြည့်ဆည်း ပေး နိုင်ရေး မျှော်မှန်းဆောင်ရွက်ရာ၌ ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးထုတ်လုပ်ရေး နှင့် ဆီစက်များ၏ ကြိတ်ခွဲ ထုတ်လုပ်နိုင်မှု စွမ်းအား မြှင့်တင် ရေး သည် အရေးကြီး သော ကဏ္ဍက ပါဝင်နေပါကြောင်း၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဆီစားသုံးမှု လျှော့ချရေး၊ ဆီထွက်သီးနှံများ တစ်ဧက အထွက်နှုန်း တိုးတက်ရေး တွင် သေချာ သော သီးနှံကို ဦးစားပေးအလိုက် ဆောင်ရွက်ရေး၊ စိုက်ဧက တိုးချဲ့ရေး နှင့် ဆီစက်များကြိတ်ခွဲမှု အဆင့် မြှင့်တင်ရေး လမ်းညွှန်မှု ပြုထား ကြောင်း၊ လုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ()ဦး ပါဝင်သော စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက် သီးနှံများ တိုးချဲ့ စိုက်ပျိုးရေး ကော်မတီ ကို ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း၊ အလားတူ ဆီစက်များ အဆင့် မြှင့်တင်ခြင်း နှင့် ခေတ်မီ ဆီစက် အသစ်များ တည်ဆောက်ခြင်း လုပ်ငန်းများ တွင် ရင်းနှီး မြုပ်နှံမှုကို ဖြည့်ဆည်းပေးရန် နိုင်ငံတော်အစိုးရက စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေ စီမံခန့်ခွဲမှုအဖွဲ့ ကို ဖွဲ့စည်း တာဝန် ပေးအပ် ထားပြီးဖြစ်ကြောင်း၊

သို့ဖြစ်ရာ မြန်မာနိုင်ငံ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံစေရေး နှင့် ဆီစက်များ အဆင့် မြှင့်တင်ရေး လုပ်ငန်း များ တွင် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  ကဏ္ဍ တစ်ခုနှင့် တစ်ခု အချိတ်အဆက်မိမိ ဆောင်ရွက် နိုင်ရေး အတွက် ညှိနှိုင်းအဖြေရှာပြီး လက်တွေ့ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်သည့် လုပ်ငန်း စီမံချက်များ ရေးဆွဲချမှတ်ရန် ယခု ဆွေးနွေး ပွဲ ကို ကျင်းပရခြင်းဖြစ်ပါကြောင်း ဆွေးနွေး ပြောကြား သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ စိုက်ပျိုးရေး တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက မြန်မာနိုင်ငံ ၏ စားသုံးဆီ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး သုတေသန ဆောင်ရွက်နေမှု အခြေ အနေ များ ကိုလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး က ဆီထွက်သီးနှံ တိုးချဲ့ စိုက်ပျိုး ရေး၊ တစ်ဧက အထွက် နှုန်းတိုးရေးနှင့် စားသုံးဆီ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ခေါင်းစဉ်ဖြင့် လည်း ကောင်း ၊ ကျန်းမာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး က အစားအသောက် ဘေးကင်း လုံခြုံရေးနှင့် ဆီစားသုံးမှု လျော့ချရေး ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး က ဆီစက် များ ၏ လက်ရှိအခြေအနေနှင့် ကြိတ်ခွဲမှု အဆင့် မြှင့်တင်ရေး ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ပုဂ္ဂလိက ဆီစက် ပိုင်ရှင် တစ်ဦး က ပုဂ္ဂလိက ကဏ္ဍမှ ဆီစက် များ အဆင့်မြှင့် တင်ရေး နှင့် ရင်းနှီး မြှပ်နှံမှု တိုးမြှင့် ရေး ခေါင်းစဉ် ဖြင့် လည်းကောင်း၊ သမဝါယမ ဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦး က ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သူ သမဝါယမအသင်းများ၊ ဆီစက်လုပ်ငန်း သမဝါယမအသင်းများ ဖွဲ့စည်း ထားရှိမှု နှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများ ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဆီကုန်သည် တစ်ဦးက ဆီထွက်သီးနှံများ ရောင်းဝယ် ဖောက်ကား မှု နှင့် ကုန်သွယ်မှု အခြေအနေ ခေါင်းစဉ် ဖြင့် လည်းကောင်း၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး က စားသုံးဆီ တင်သွင်း ရောင်းဝယ်ဖောက်ကားမှုနှင့် ဈေးကွက် အခြေအနေ များကို လည်းကောင်း တင်ပြ ဆွေးနွေး ကြရာ အစည်း အဝေး တက်ရောက် လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး က ဆွေးနွေး တင်ပြချက်များမှ ဖော်ထုတ် ရရှိသည့် ဆီထွက် သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီ ဖူလုံ စေရေး နှင့် ဆီစက်များ အဆင့် မြှင့်တင်ရေး ဆောင်ရွက်ရန် လုပ်ငန်း စဉ် များကို စုစည်း ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိသည်။