နိုင်ငံတော်အဆင့်သတင်း သတင်းကဏ္ဍ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၂)မိန့်ခွန်းမှ လယ်ယာကဏ္ဍ ဆိုင်ရာ လမ်းညွှန်ချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေး (၆/၂၀၂၂) မိန့်ခွန်းမှ လယ်ယာကဏ္ဍ ဆိုင်ရာ လမ်းညွှန်ချက်အား ကောက်နှုတ်ဖော်ပြပါသည်။(၂၀၂၂ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည်)

မိမိတို့အနေဖြင့် နိုင်ငံစီးပွား ရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံမူဝါဒများ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဒုတိယဦးစားပေးအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်ရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ တတိယဦးစားပေးအနေဖြင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးတို့ပင် ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ရှေးယခင်ကတည်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားသည့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်သည့် နိုင်ငံတစ်ခုပင်ဖြစ်ကြောင်း၊ ယခင်က စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချမှုများ ရှိခဲ့ကြောင်း၊ ဆိုရှယ်လစ်ခေတ်တွင် စီးပွားရေးစနစ် ပြောင်းလဲခဲ့ပြီး အချို့ကိစ္စရပ်များတွင် စီးပွားရေးအရ အောင်မြင်မှုများ မရှိခဲ့ခြင်းကြောင့် ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့သည့်နိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းရသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်ကို တွေ့ရကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် လူဦးရေများပြားသည့် နိုင်ငံကြီးများရှိကြောင်း၊ အဆိုပါနိုင်ငံများသို့ မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံသည့် ထုတ်ကုန်များကို တင်ပို့ရောင်းချနိုင်မည်ဆိုပါက ပြည်သူများနှင့် နိုင်ငံ၏စီးပွားရေးကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေရခြင်းသည် မိမိတို့နိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းသည်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းပင်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ပညာတတ်မြောက်မှု အခြေအနေသည် မြို့ပြနေပြည်သူများထက် ပညာတတ်မြောက်မှု လူဦးရေနည်းပါးသည်ကို တွေ့ရှိရကြောင်း၊ လူသားအရင်းအမြစ်များ များပြားသော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ Skill Labor များ နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် လက်တွေ့ကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် အထက်တန်း ပညာသင်ကြားရေးနှင့် ကုန်ထုတ်လုပ်ငန်းကို ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်ကြောင်း။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် မြစ်ချောင်းများ ပေါများပြီး ရေချိုအရင်းအမြစ်များ များစွာရှိပြီး ရေချိုကိုအသုံးချ၍ စိုက်ပျိုးရေးလုပ်ငန်း များဆောင်ရွက်နေသည့် နေရာများရှိသကဲ့သို့ စိုက်ပျိုးမြေဧရိယာသည်လည်း လုံလောက်စွာရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးဧကပေါင်း ၃၃ သန်းခန့်ရှိပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ဝါများကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း၊ အခြားနှစ်ရှည် သီးနှံများဖြစ်သည့် ရာဘာ၊ ဆီအုန်းနှင့် အုန်းစိုက်ပျိုးမှု စသည့် နှစ်ရှည်သီးနှံပင်များကိုလည်း စိုက်ပျိုးကြကြောင်း၊ စပါး၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ဝါများကို စိုက်ပျိုးရာတွင် အချို့ဒေသများ၌ တစ်သီးသာ စိုက်ပျိုးသည်ကို တွေ့ရှိရကြောင်း၊ သီးထပ်များ စိုက်ပျိုးခြင်းနှင့် အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေး လုပ်ငန်းများမှ ဝင်ငွေများပိုမိုရရှိလာပြီး စိုက်ပျိုးတောင်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို သီးခြားဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

ပြီးခဲ့သည့်ကာလအတွင်း ပြည်ပမှဆီတင်သွင်းမှုများ များပြားခဲ့သဖြင့် ဆီထွက်သီးနှံများကို ထိန်းသိမ်းခြင်းနှင့် ပြည်ပတင်ပို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တောင်သူများအနေဖြင့် လွတ်လပ်စွာ စိုက်ပျိုးပိုင်ခွင့်ရှိသကဲ့သို့ လွတ်လပ်စွာ ရောင်းချခွင့်ရှိကြောင်း၊ ထို့ကြောင့် တောင်သူများ၏ သီးနှံများကို ပြည်တွင်းပြည်ပ လွတ်လပ်စွာ ရောင်းချနိုင်ရေး ခွင့်ပြုပေးရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းကဲ့သို့သော အသင်းများမှတစ်ဆင့် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ထိန်းသိမ်းရောင်းချ သွားမည်ဆိုပါက တောင်သူများ လွတ်လပ်စွာ ရောင်းချနိုင်သကဲ့သို့ နိုင်ငံတော်၏ ဝင်ငွေကိုလည်း တိုးတက်စေမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုမှတဆင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကောင်းမွန်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် အလားတူပဲ ပညာရေးမြှင့်တင်မှုနဲ့ ပတ်သက်ရင်လည်း စောစောက ကျွန်တော်ပြောတဲ့ ပညာရေးမှာ အများစုက မူလတန်းပညာနဲ့ အလယ်တန်းပညာ အဆင့်ပဲ ကျွန်တော်တို့က ဖြစ်ပါတယ်။ လူနည်းစုပဲ အထက်တန်းပညာနဲ့ အဆင့်မြင့်ပညာ တတ်တဲ့သူများဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီအလယ်တန်းပညာနဲ့ အောက်မှာတတ်နေတဲ့ ပြည်သူအများစုရှိနေတဲ့ ကျေးလက်ဒေသတွေရဲ့ ပညာရေး၊ ပြည်နယ်များရဲ့ ပညာရေးမြှင့်တင်ဖို့အတွက် အထူးဦးစားပေး ဆောင်ရွက်သွားဖို့ လိုတယ်ဆိုတာလေးလည်း ကျွန်တော်တွေ့ရှိပါတယ်။ နိုင်ငံမှာတော့ အခြေခံဥပဒေအရ အခြေခံပညာ မူလတန်းအဆင့်ကိုတော့ မသင်မနေရ ပညာရေးလို့ သတ်မှတ်ထားတာ။ ဥပဒေအရ သတ်မှတ်ထားတာရှိပါတယ်။ သို့သော် လက်ရှိအခြေအနေမှာ မူလတန်းပညာသည် မလုံလောက်ပါဘူး။ ဒီလောက်ခေတ်မီတဲ့ ကမ္ဘာကြီးမှာ လိုက်မီဖို့ ဆိုတာတော့ မူလတန်းပညာနဲ့ ဘယ်လိုမှ မပြည့်စုံဘူး။ ဒါကြောင့် ကျွန်တော်တို့ အစိုးရ တာဝန်ယူတဲ့အချိန်မှာ kg+9 ပေါ့။ ၉ တန်း၊ အလယ်တန်းပညာ ပြီးတဲ့အထိကို ကျွန်တော်တို့ အခမဲ့ ပညာရေးအနေနဲ့ မသင်မနေရ တွန်းအားပေး ဆောင်ရွက်ဖို့ ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုသာ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် စောစောကပြောတဲ့ ကျေးလက်တွေမှာ Skill Labour ဖြစ်နိုင်တဲ့သူတွေ။ ကျွန်တော်တို့က ပညာတတ်တွေနဲ့၊ အထိုက်အလျောက် ပညာတတ်တွေ ဖြစ်လာပြီးတော့မှ။ သူတို့ကို လေ့ကျင့်မွေးထုတ်ပေးလိုက်မယ် ဆိုလို့ရှိရင်။ သူတို့လုပ်တဲ့ စီးပွားရေးကို အထောက်အကူပြုတဲ့ အတတ်ပညာတွေ တတ်လာမှာဖြစ်ပါတယ်။ ဒါကိုမျှော်တွေးပြီး တော့မှ။ အခုခရိုင်ပေါင်း ၁၂၇ ခရိုင်ရှိပါတယ်။ ၁၂၇ ခရိုင်မှာ First wave အနေနဲ့ ကျွန်တော်တို့ ကျောင်းပေါင်း ၅၀ လောက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုတွဲဖွင့်ထားတဲ့ အထက်တန်းကျောင်းတွေဖွင့်ဖို့။ သက်ဆိုင်ရာဝန်ကြီးတွေနဲ့ ကျွန်တော် ဆွေးနွေးထားပြီး ဖြစ်ပါတယ်။ ကျောင်းပေါင်း ၅၀ လောက် စဖွင့်မယ်။ အဲ့ဒီတော့ ဒီဆရာတွေ ရဖို့အတွက်ကိုလည်း မွေးမြူရေးကျောင်းဆင်းတွေ၊ စိုက်ပျိုးရေးကျောင်းဆင်းတွေ ဒီလိုလည်း ခန့်ဖို့လိုသလိုပဲ။ လက်ရှိတာဝန်ပေးထားတဲ့ စိုက်ပျိုးရေးဦးစီး၊ မွေးမြူရေးဦးစီး၊ အဲ့ဒီမှာ တာဝန်ပေးထားတဲ့သူများကိုလည်း အကူဆရာများအနေနဲ့ အဲ့ဒီကျောင်းတွေမှာ သင်ကြားပေးဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်နေတာ ရှိပါတယ်။ အဲ့ဒါကို ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံမှာတော့ ကျေးလက်မှာလုပ်ငန်း လုပ်နေတဲ့သူများအတွက် Skill Labour တွေ အများကြီး မွေးထုတ်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်မှန်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းကို မဖြစ်မနေ သွားရမယ်ဆိုတာလေးလည်း ကျွန်တော်သွားလိုပါတယ်။

တစ်ဆက်တည်းမှာပဲ ဒါတင်လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးပါဘူး။ ပုဂ္ဂလိကကဏ္ဍက ဒါတွေက၊ လုပ်ရမယ့်ကဏ္ဍ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရကတော့ လူသားအရင်းအမြစ်တွေ ရရှိအောင် ဆောင်ရွက်ပေးဖို့သာ ဖြစ်ပါတယ်။ ကျန်တာတော့၊ ပုဂ္ဂလိကကလုပ်ရမယ်။ တစ်ဖက်ကလည်း အစိုးရကနေပြီးတော့ သွင်းအားစုတွေ ရအောင်လည်း ဖန်တီးပေးရတာတွေရှိတယ်။ ဥပမာ – ရေရအောင် ဖန်တီးပေးရတာတို့၊ မြေဩဇာရအောင် ဖန်တီးပေးတာတို့၊ မျိုးစေ့တွေရအောင် ဖန်တီးပေးရတာတို့ ဒါကတော့ စိုက်ပျိုးရေးပိုင်းပေါ့လေ။ မွေးမြူရေးပိုင်းဆိုလည်း တိရိစ္ဆာန်အစားအစာတွေ ရဖို့အတွက်၊ ဆေးဝါးတွေရဖို့တို့၊ နောက်တစ်ခါ ခုနကပြောတဲ့ ရေရရှိဖို့တို့၊ နောက်တစ်ခါ မျိုးကောင်းမျိုးသန့်တွေ ရရှိဖို့တို့ ဒါတွေလည်း ကျွန်တော်တို့က အစိုးရကနေပြီးတော့မှ ဝိုင်းပြီးကူညီပေးရမှာ ဖြစ်ပါတယ်။ ဒါပုဂ္ဂလိကကဏ္ဍ လုပ်ပေးမှလည်း အစိုးရရဲ့ ပါဝင်ပတ်သက်မှုကတော့ ကျွန်တော်တို့ အချိန်ကာလ အတိုင်းအတာတစ်ခုထိတော့ ရှိနေဦးမှာ ဖြစ်ပါတယ်။ လုပ်နေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို ကျွန်တော်တို့အနေနဲ့၊ ကျွန်တော်တို့ ကောင်စီအနေနဲ့ ဦးစားပေး ဆောင်ရွက်သွားမယ်ဆိုတာလေးလည်း ကျွန်တော် ပြောလိုပါတယ်။

ဝါစိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှု

ဆက်လက်ပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးဧက ၂ သိန်း ၄ သောင်း ကျော်ရှိကြောင်း၊ ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ ချည်မျှင်ရှည်ဝါမှ အဆင့်မြင့် ချည်ထည်များ ထုတ်လုပ်နိုင်ကြောင်း၊ ယခုစိုက်ပျိုးနေသည့် ဝါများသည် ချည်မျှဉ်ရှည်ဝါဟု ဆိုသော်လည်း အဆင့်မြင့်ချည်ထည်များကို ထုတ်လုပ်နိုင်မှုမရှိကြောင်း၊ ထို့ကြောင့် အဆင့်မီသည့် ချည်မျှင်ရှည်ဝါများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပြည်ပနိုင်ငံများနှင့် နည်းပညာအရ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်းဝါစိုက်ပျိုးမှု လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်သူများ၏ ဝတ်ရေးအတွက် ပိုမိုအဆင်ပြေမည် ဖြစ်သကဲ့သို့ ပြည်တွင်းမှထွက်ရှိသည့် ဝါထွက်ကုန်များကို အသုံးပြု၍ အဆင့်မီအထည်ချုပ်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံ၏စီးပွားရေးကိုလည်း အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း။

ခေတ်မီမွေးမြူရေးစနစ်ကို ဦးတည်ဆောင်ရွက်သွားရန်လို

စိုက်ပျိုးရေးတွင် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ အသုံးပြုမှုအပေါ်မူတည်၍ သီးနှံအထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ မြေဩဇာ ၂ မျိုး ကို အချိုးချပေါင်းစပ်ခြင်းဖြင့် သီးနှံအထွက်တိုး ရရှိနိုင်မည်ဖြစ်ပြီး သဘာဝမြေဩဇာကို အဓိထား အသုံးပြုနိုင်ရေး သုတေသနပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်တွေ့ကျသည့် စိုက်ပျိုးရေးစနစ်နှင့် ခေတ်မီ မွေးမြူရေး စနစ်ကို ဦးတည်ဆောင်ရွက်သွားရန်လိုကြောင်း၊

၂၀၂၂ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှ ကူးယူဖော်ပြသည်။