စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂ခုနှစ် ပညာရည်ချွန်ဆု နှင့် ထူးချွန်ဆုများချီးမြှင့်ပွဲအခမ်းအနား ကို ဇူလိုင်လ (၁၅) ရက်နေ့ နံနက်ပိုင်း က နေပြည်တော် ရုံးအမှတ်(၁၅) ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်ပ ပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်း အတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူး(၃)ဘာသာနှင့်အထက် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်း သားသမီး ကျောင်းသားကျောင်းသူများ၊ နိုင်ငံဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင် ထူးချွန်ဆုရခဲ့ကြ သော ဝန်ထမ်းများ၊ စာပေဆိုင်ရာ ဂုဏ်ပြုဆု ရရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ နိုင်ငံတော် အနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးမှု အားကောင်း လာစေရေး အတွက် ပညာရေးတွင် ရင်းနှီး မြှုပ်နှံမှုကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်း မိသားစုများ အနေဖြင့်လည်း မိမိတို့မျိုးဆက်များ ပညာရည်ထူးချွန်ပြီး ဘက်စုံဖွံ့ဖြိုးရေး၊ ကျန်းမာကြံ့ခိုင်ရေးတို့အတွက် ပိုမိုမြှင့်တင် ပျိုးထောင်ပေးကြရန် လိုကြောင်း၊ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မိမိတို့ဝန်ကြီး ဌာန ဝန်ထမ်းသားသမီး စုစုပေါင်း (၁၀၁၉)ဦး အောင်မြင်ခဲ့ကြပြီး ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး၌ ဒုတိယဆု ရရှိခဲ့သူ(၁)ဦး၊ သိပ္ပံဘာသာတွဲ ဆဌမဆု ရရှိသူ(၁)ဦး အပါအဝင် ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင်သူ(၁၉)ဦး ၊ (၅)ဘာသာ ဂုဏ်ထူး ဖြင့် အောင်မြင်သူ (၂၃)ဦး ၊ (၄)ဘာသာ ဂုဏ်ထူး ဖြင့် အောင်မြင်သူ (၃၂)ဦး ၊ (၃)ဘာသာ ဂုဏ်ထူး ဖြင့် အောင်မြင်သူ (၅၂)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ(၁၂၆)ဦး ကို ယနေ့အခမ်းအနား တွင် ထူးချွန်ဂုဏ်ပြုဆု များ ချီးမြှင့်သွားမည် ဖြစ်သကဲ့သို့ (၂)ဘာသာနှင့် အောက်ထူးချွန်သူများကိုလည်း သက်ဆိုင်ရာ ဦးစီးဌာနများ အလိုက် ချီးမြှင့်သွားမှာ ဖြစ်ကြောင်း၊
ထို့အပြင် ဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်(၂)ဦး က စာပေဗိမာန် စာမူဆု နှင့် ပခုက္ကူ (ဦးအုန်းဖေ)စာပေဆုများ ရရှိခဲ့ကြ သကဲ့သို့ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် သင်တန်းများ တွင် သင်တန်းထူးချွန်ဆု ရရှိသူ(၉)ဦး တို့က မိမိဝန်ကြီးဌာနအတွက် ဂုဏ်ဆောင် နိုင်ခဲ့ကြသဖြင့် ယနေ့အခမ်းအနားတွင် ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံ ဘာသာတွဲဖြင့် တစ်နိုင်ငံလုံး၌ ဒုတိယဆု ရရှိခဲ့သော မောင်ခန့်တေဇာ ၊ သိပ္ပံဘာသာတွဲ ဆဌမဆုရ မထက်ရတီဝင်း နှင့် ဘာသာစုံဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဘာသာစုံဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး က (၅)ဘာသာဂုဏ်ထူး ဖြင့် အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများ ကို လည်းကောင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် တို့မှ ပါမောက္ခချုပ်များက (၅)ဘာသာဂုဏ်ထူး ဖြင့် အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများ၊ (၄)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူများ နှင့် (၃)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများ ကိုလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဆုရကျောင်းသား ကျောင်းသူများကိုယ်စား ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝိပ္ပံ ဘာသာတွဲဖြင့် တစ်နိုင်ငံလုံး၌ ဒုတိယဆု ရရှိခဲ့သူ မောင်ခန့်တေဇာ နှင့် သိပ္ပံ ဘာသာတွဲ ဆဌမဆု ရရှိသူ မထက်ရတီဝင်း တို့က ကျေးဇူးတင်စကားပြောကြားကြသည်။ ၎င်းနောက် စာပေဗိမာန် စာမူဆု နှင့် ပခုက္ကူ (ဦးအုန်းဖေ)စာပေဆုများရရှိခဲ့သူ(၂)ဦး နှင့် နိုင်ငံဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင် ထူးချွန်ဆုရခဲ့ကြသော ဝန်ထမ်း(၉)ဦး တို့ကို ပြည်ထောင်စုဝန်ကြီး က ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ဆုချီးမြှင့်ပွဲတွင် စာပေဗိမာန် စာမူဆု နှင့် ပခုက္ကူ (ဦးအုန်းဖေ)စာပေဆုများရရှိခဲ့သူ စာရေးဆရာ မောင်အောင် (ဒေါက်တာအောင်ကြီး – ဒုတိယဝန်ကြီး) က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။