သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ရန်ကုန်တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်း ဆောင်ရွက်

 

သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးရာတွင် တောင်သူများ အတွက် စံချိန်စံညွှန်းပြည့်မီသော မျိုးကောင်းမျိုးသန့်များ ဖြစ်စေရေး အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း၊ ဖြစ်ပေါ်ပြောင်းလဲနေသော ရာသီဥတုနှင့် လိုက်လျောညီထွေစွာ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံများ ပြောင်းလဲချမှတ်နိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန်လိုကြောင်း၊   ဇူလိုင်လ(၉)ရက် နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လေးထောင့်ကန်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း အား ကြည့်ရှုစစ်ဆေးစဉ်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။

ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း (လေးထောင့်ကန်) တွင် ဆောင်ရွက်လျက်ရှိသည့် မနောသုခ မျိုးကောင်းမျိုးသန့် မျိုးပွား ထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီးက သီးနှံအလိုက် မျိုးသန့်မျိုးပွားထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ တွင် ပုဂ္ဂလိက ကဏ္ဍ ၏ ရင်းနှီးမြုပ်နှံမှု တိုးမြှင့်လုပ်ကိုင်နိုင်ရေး အတွက် လိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးရန် ၊ တောင်သူလယ် သမားများအတွက် အကျိုးအမြတ်ရရှိစေမည့် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံများကို စနစ်တကျရေးဆွဲချမှတ်ပြီး တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်လာစေရေး ပညာပေးဆောင် ရွက်ကြရန်လိုအပ်ချက်များကို တာဝန်ရှိသူများ အား ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်  လေးထောင့်ကန် ငါးလုပ်ငန်းစခန်း ၏ တီလားပီးယား ငါးသားဖောက် ထုတ်လုပ်နေမှု၊ တိုင်းရင်းငါးခူ ဆေးထိုးသားဖောက်နေမှု၊ တိုင်းရင်းငါး-ငါးဖမ်းမ ဆေးထိုး သားဖောက် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ဒေသနှင့်ကိုက်ညီသည့် ပြည်တွင်း ပြည်ပ ငါးမျိုးသစ်များ စမ်းသပ် သားဖောက် ထုတ်လုပ်ကြရန် လိုအပ်ချက်များ၊ ရှားပါး လာသည့် တိုင်းရင်းငါးမျိုးစိတ်များအား ဖော်ထုတ်၍ သုတေသနပြုသားဖောက်ရန် လိုအပ်ချက်များ ဆွေးနွေး မှာကြားသည်။ ဆက်လက်၍ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ၊ ရွှေဝါငါးကြင်းများ မွေးမြူထားမှု အခြေအနေများကိုလည်းကောင်း၊ ငါးဆေးထိုးသားဖောက်မွေးမြူထားမှု အခြေအနေများကို လည်းကောင်း လိုက်လံ ကြည့်ရှု စစ်ဆေးသည်။

အလားတူ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် RICH FARM Co.,Ltd တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ရွာသာကြီး အအေးခန်း စက်ရုံသို့ ရောက်ရှိကြပြီး ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ် အေးခဲ၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး၊ ဒုတိယဝန်ကြီး က လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားကာ ဘဲသားပေါက်ခြံနှင့် အသားတိုးဘဲခြံတို့ကို ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ စစ်ပင် တောင်ကျေးရွာအနီးရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ငမိုးရိပ်ရေထိမ်းတံခါး သို့ရောက်ရှိကြပြီး ရေထိန်းတံခါး ရေဝင်မြောင်း နုန်းဆယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရေချိုထိန်း ရေတံခါး Slide Gate တပ်ဆင်ခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။