ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး လယ်ယာသုံး စက်ပစ္စည်းကိရိယာများ ထုတ်လုပ်အသုံးပြုမှု ဖွံ့ဖြိုး တိုးတက်ရေး ကြည့်ရှုအားပေး။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စက်မှုလယ်ယာလုပ်ငန်း သုတေသနများ ဆောင်ရွက် ပေးခြင်း ၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးအတွက် မူဝါဒများ ချမှတ်ပေးခြင်း နှင့် လိုအပ်သော အားပေးကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ လက်ရှိ ဌာနပိုင် လယ်ယာသုံး စက်ကိရိယာ စက်ရုံများတွင် လိုအပ်သည့် လယ်ယာသုံး စက်သွား နှင့် စက်ကိရိယာ အစိတ်အပိုင်းများ ထုတ်လုပ်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ပြည်တွင်း လယ်ယာသုံး စက်ကိရိယာထုတ်လုပ်မှု တိုးတက်ရေး နှင့် စက်မှုလယ်ယာ စနစ်သို့ မြန်မြန် ဆန်ဆန် ကူးပြောင်း နိုင်ရေးအတွက် ဌာန နှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ (၉)ရက်နေ့ နံနက်ပိုင်း က မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ် ရှိ မြန်မာ့ လယ်ယာသုံး စက်ကိရိယာစက်ရုံ(အင်းကုန်း) ၌ မြန်မာ့လယ်ယာသုံး စက်ကိရိယာလုပ်ငန်းရှင်များ အသင်း တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ့လယ်ယာသုံး စက်ကိရိယာလုပ်ငန်းရှင်များအသင်း မှ အမှုဆောင် အဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြပြီး၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် စက်ရုံမှူးတို့က ၂၀၂၁-၂၀၂၂ ကာလတို ဘဏ္ဍာရေးနှစ် အတွင်း လယ်ယာသုံးစက်ကိရိယာ သုတေသနပြု စမ်းသပ်ဆောင်ရွက်နိုင်မှု အခြေအနေ၊ စမ်းသပ်ဆောင်ရွက်ထားသော ကြက်သွန်စိုက် ပေါင်ဖော်ကိရိယာ၊ ကြက်သွန် စိုက်ကျင်း ဖော်ကိရိယာများ နှင့် ဆေးဖျန်း ကိရိယာများ၊ မျိုးစေ့ချကိရိယာများ အား စမ်းသပ် အသုံးပြုနေမှု၊ လက်တွန်းထွန်စက် တပ်ဆင် ထုတ်လုပ်မှု တိုးမြှင့်နိုင်ရန် ကျွမ်းကျင်သော လုပ်သား အင်အား နှင့် စက်ကိရိယာ လိုအပ်ချက် အခြေအနေများကို တင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာတွင် နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပို့ကုန် တိုးမြှင့်ရေး အတွက် ဘက်ပေါင်းစုံ မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဆည်ရေသောက်များ တိုးတက်လာသည်နှင့်အမျှ စိုက်ဧရိယာနှင့် သီးထပ်စွမ်းအားလည်း တိုးတက် လာလျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် လယ်ယာလုပ်သားရှားပါးလာမှု နှင့် ရာသီဥတု ပြောင်းလဲ လာမှုတို့ကြောင့် ရာသီအချိန်မီ စိုက်ပျိုးထုတ်လုပ်နိုင်ရန် လယ်ယာသုံး စက်ကိရိယာများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေး သည်လည်း လိုအပ်လျက်ရှိရာ ယင်းလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်တွင်း ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု နှင့် ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ကို မိမိတို့ဝန်ကြီးဌာနက အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊

ပြည်တွင်းပြည်ပထုတ် လယ်ယာသုံး စက်ကိရိယာများ အရည်အသွေးစစ်ဆေးပေးရေး၊ ကျွမ်းကျင်သော လယ်ယာသုံး စက်ကိရိယာ မောင်းနှင် ထိန်းသိမ်း ပြုပြင်သူများ အရည်အသွေး ပြည့်ဝစွာ သင်ကြား လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ လက်ရှိ လယ်ယာသုံး စက်ကိရိယာသင်တန်းကျောင်းများတွင် စက်မှုလက်မှု အထက်တန်းအောင်မြင် ပြီးသူများ၊ အခြေခံ ပညာအထက်တန်းသင်ယူပြီးဆုံးသူများ ကို နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင်သူများ အများအပြား မွေးထုတ်ပေး နိုင်ရေးနှင့် အရည်အချင်းပြည့်မီသူများ ကို အစိုးရ နည်းပညာ သိပ္ပံနှင့် ဘွဲ့ကြိုသင်တန်းများသို့ ပေါင်းကူး သင်ယူနိုင်ရေး ဆောင်ရွက် ထားရှိကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးပြည့်ဝသော လယ်ယာသုံး စက်ကိရိယာများကို တောင်သူများ လက်လှမ်းတမီ သုံးစွဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား သည်။

၎င်းနောက် မြန်မာ့လယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် သံရည်ကြိုပစ္စည်းများ စက်ခုတ်စားခြင်းနှင့် အင်ဂျင်တပ်ဆင်ရေး အလုပ်ရုံ၊ သံဂဟေ၊ ပုံဖိနှင့် လက်တွန်းထွန်စက် တပ်ဆင်ရေးအလုပ်ရုံ၊ သံဂဟေ၊ ပုံဖိနှင့် လက်တွန်း ထွန်စက် တပ်ဆင်ရေး အလုပ်ရုံ ၊ ဂီယာ၊ ရှပ်များ စက်ခုတ်စားခြင်း နှင့် အမာတင်အလုပ်ရုံ ၊ သံရည်ကြိုနှင့် ဂီယာအကြမ်း ပုံထောင်းအလုပ်ရုံ ၊ ရိတ်သိမ်း ခြွေလှေ့စက် တပ်ဆင်ရေးအလုပ်ရုံများ ကို ကြည့်ရှု စစ်ဆေးကြသည်။

အင်းကုန်းစက်ရုံကို စက်မှုလယ်ယာဦးစီးဌာနက တာဝန်ယူခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အတွင်း လက်တွန်း ထွန်စက် အစီး(၉၅၀၀)ကျော်၊ လက်ကိုင်ရှည် ထွန်စက် အစီး(၉၆၀၀)ကျော် ထုတ်လုပ်ခဲ့ပြီး ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လယ်ယာ သုံး စက်ကိရိယာ(၆)မျိုးကို လျာထားချက်ပြည့်မီစွာထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်ရေး စီမံဆောင်ရွက်လျက် ရှိပြီး လက်တွန်း ထွန်စက်(၅၀၀၀) တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် ရှိ ဂွတ်ဘရားသား မစ်ရှင်နရီကုမ္ပဏီ(Good Brothers Machineries Co.,Ltd) ၏ လယ်ယာသုံးစက်ပစ္စည်းစက်ရုံသို့ရောက်ရှိကြပြီး လက်တွန်းထွန်စက်၊ ပုဇဉ်းခေါင်းထော်လာဂျီ၊ ဝန်တင် ထော်လာဂျီအမျိုးမျိုး၊ ရေဘောက်ဆာ၊ ကောက်စိုက်စက် ၊ ရိတ်သိမ်းခြွေလှေ့စက်များ ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုအားပေးပြီး အရေအတွက် နှင့် အရည်အသွေး မြင့်မားသော စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။