ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ပပို့ကုန် ငါး၊ ပုဇွန် ပြုပြင်ထုပ်ပိုးမှုလုပ်ငန်းများ ၊ နိုင်ငံ တကာ စံချိန် စံညွှန်းများ နှင့် အညီ ထုတ်လုပ်ရေး ကွင်းဆင်း ဆောင်ရွက်

 

          ပြည်ပပို့ကုန် ငါး၊ ပုဇွန်များ ပြုပြင်ထုပ်ပိုးမှုလုပ်ငန်းများ အနေဖြင့် နိုင်ငံ တကာ စံချိန် စံညွှန်းများနှင့်အညီ ထုတ်လုပ်ရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိရာတွင် အဆိုပါ စက်ရုံ၊ အလုပ်ရုံများ၏ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လုပ်ငန်းခွင် ဆောင်ရွက်သူ အားလုံး၏ ကူးစက် ရောဂါ ကင်းစင်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အစားအစာ ဘေးကင်း လုံခြုံမှုဆိုင်ရာ စံသတ်မှတ်ချက်များ အား တိကျစွာ လိုက်နာ ဆောင်ရွက်ရေးကို တာဝန်ရှိသူအဆင့်ဆင့်တို့က အလေးထား ကြပ်မတ်ရန် လိုကြောင်း၊ ပို့ကုန်ပစ္စည်း၏ စံချိန် စံညွှန်းသေချာမှုသည် ယင်း ပစ္စည်း ၏ တန်ဖိုးဖြစ်သကဲ့သို့ ဈေးကွက်၏ ယုံကြည်မှု အာမခံချက်ဖြစ်သည်ကို အထူး ဂရုပြု ကြစေလိုကြောင်း၊ ဇူလိုင်လ(၇) ရက်နေ့ က ရန်ကုန် ၊ သာကေတမြို့နယ်ရှိ ပဋိဇီဝ ဓါတ်ကြွင်းနှင့် ဗိုင်းရပ်ပိုး စစ်ဆေးရေးဓါတ်ခွဲခန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး  က ဆွေးနွေးပြောကြားသည်။

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်တာဝန်ရှိသူးများသည် ပဋိဇီဝဓါတ်ကြွင်း နှင့် ဗိုင်းရပ်ပိုးစစ်ဆေးရေး ဓါတ်ခွဲခန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးစဉ် ဓါတ်ခွဲခန်း တာဝန်ခံက နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြု ဓာတ်ခွဲခန်း ထောက်ခံချက်(ISO/IEC 17025:2017) လက်မှတ်ကို ပဉ္စမအကြိမ်ရရှိထားပြီး ပဋိဇီဝဓါတ်ကြွင်းနှင့် ဗိုင်းရပ်ပိုး စစ်ဆေးရေး ဓါတ်ခွဲခန်းလုပ်ငန်းများဆောင်ရွက်နေမှု ၊ စစ်ဆေးရေး နှင့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ၊ ပို့ကုန်များ တွင် ကူးစက်ရောဂါနှင့် ဓာတ်ကြွင်းများပါဝင်မှု မရှိစေရေးလုပ်ငန်းများကို မြန်မာ့မွေးမြူရေး ရေထွက်ကုန်များ အတွက် ဓာတုဓာတ်ကြွင်းများ စောင့်ကြည့်စစ်ဆေးမှု အမျိုးသားအဆင့် စီမံချက် (National Residue Monitoring Plan-NRMP) နှင့်အညီ ဆောင်ရွက်နေမှု အခြေအနေများကို  လည်းကောင်း၊ ငါးရောဂါ ရှာဖွေရေး ဌာနစု တာဝန်ခံ က ငါး ပုစွန်ရောဂါများကို ခေတ်မီ နည်းစနစ်များဖြင့် ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်း နှင့် ပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမို ထိရောက်မှုရှိစေရန် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး က ရေလုပ်ငန်း လုပ်ကိုင်နေကြသည့် ကျေးလက်ဒေသများရှိ ငါး ပုစွန်မွေးမြူသူ လုပ်ငန်းရှင်များ အသိပညာပေးခြင်း ၊ ရေနေသတ္တဝါများ ကျန်းမာရေးထိန်းချုပ်မှု အထောက် အကူပြု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

၎င်းနောက် ငါးလုပ်ငန်းဦးစီးဌာန သာကေတ မိကျောင်းမွေးမြူရေးစခန်း ၏ မိကျောင်းမျိုးစိတ်များ ထိန်းသိမ်းထားရှိမှုအခြေအနေနှင့် သုတေသနပြုလေ့လာနေမှုများကို ကြည့်ရှုစစ်ဆေးရာ စခန်းတာဝန်ခံက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် တက္ကသိုလ်များမှ ဘွဲ့ကြို ဘွဲ့လွန် နှင့် ပါရဂူဘွဲ့ သင်တန်းသားများ ၏ မိကျောင်းနှင့်ပတ်သက်သော သုတေသနပြု လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က မိကျောင်းများ၏ကျန်းမာရေးနှင့် မိကျောင်း မွေးကန်များအား သန့်ရှင်းသပ်ရပ်စွာ အစဉ်တစိုက်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ တရားမဝင် မိကျောင်းဖမ်းဆီး သတ်ဖြတ်ခြင်း၊ မိကျောင်းအသိုက်များ ဖျက်ဆီးခံရခြင်း၊ မိကျောင်းများ၏ ကျက်စားရာ ဂေဟစနစ်များ ယိုယွင်းပျက်စီးခြင်းတို့ကြောင့် မျိုးသုဉ်းပျောက် ကွယ်တော့မည့် ရေငန်မိကျောင်းများ မျိုးထိန်းသိမ်းခြင်းလုပ်ငန်းများကို အများပြည်သူများ စိတ်ပါဝင်တစား ပူးပေါင်းဆောင်ရွက် လာစေရေး အသိပညာဖြန့်ဝေပေးရန် လိုအပ်ချက်များ၊ အပန်းဖြေ လာရောက်သူများအတွက် ဗဟုသုတရစေရန် စာအုပ် စာတမ်းများ၊ မိကျောင်းနှင့် ပါတ်သက်သည့် လက်ကမ်းစာစောင်၊ မိကျောင်းဥပေါက်ပုံအဆင့်ဆင့်၏ သိမှတ်ဖွယ်ရာများ ကို  ပညာပေး ဆောင်ရွက်ကြရန် လိုအပ်ချက်များ ၊ ဝန်ထမ်းများနှင့် ဧည့်သည်များ ဘေးအန္တရာယ် ကင်းရှင်း စေရေးစီမံ ဆောင်ရွက်ရန်ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားပြီး မိကျောင်းပြုစုကန်အမှတ် (၁)တွင် မိကျောင်း သားပေါက်ငယ်များ မွေးမြူပြုစု ထားရှိမှု အခြေအနေ နှင့် မိကျောင်းများ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ ငါးလုပ်ငန်းဦးစီးဌာန ၊ မွေးမြူရေးဌာနခွဲ ၊ ရေအရည်အသွေးစစ်ဆေးရေးနှင့် ရေချိုသုတေသနဌာနစု က ဆောင်ရွက်လျက်ရှိသော  ကန်ရေ၏ရူပနှင့် ဓါတု ဆိုင်ရာ ဓါတ်ခွဲခြင်းလုပ်ငန်းများ၊ မွေးမြူရေးကန်ရေ၏ အရည်အသွေးပိုမို ကောင်းမွန်လာစေရန် ကန်မြေသား၏ တိုင်းတာဓါတ်ခွဲခြင်းဖြင့် ငါး ပုစွန် မွေးမြူကန်တူးဖော်ရန် သင့်လျော်သော မြေနေရာ ရွေးချယ်နိုင်ရေး၊ ပြင်ပအဖွဲ့အစည်းများ၊ ကုမ္ပဏီများ ၊ အခြားဌာနဆိုင်ရာများ၊ တက္ကသိုလ်များမှ လိုအပ်သည့် ရေ၊မြေအရည်အသွေး ဓါတ်ခွဲတိုင်းတာပေးနေမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။