ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

(၁၁) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲ ကို “လယ်ယာကဏ္ဍတွင်စက်မှုလယ်ယာစနစ်ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပ

 

နိုင်ငံတော်သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် နည်းပညာ ၊ အရင်းအနှီး ၊ စက်ပစ္စည်း ၊ ကုန်ကြမ်း အစရှိသည် တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းရမည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၂၉ တွင် အတိအလင်းဖော်ပြထားကြောင်း၊ စက်မှုလယ်ယာ စနစ်ကူးပြောင်းရာတွင် စိုက်ပျိုးရေးကဏ္ဍတွင်သာမက မွေးမြူရေးကဏ္ဍ၏ ထုတ်လုပ်မှု လုပ်ငန်းများလည်းပါဝင်နေကြောင်း၊ နိုင်ငံ၏ လူဦးရေအများဆုံးနေထိုင်မှုမှာ ကျေးလက်ဒေသ များ ဖြစ်သော်လည်း ကျေးလက်လူငယ်အများစုမှာ အခြားဒေသရှိ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသဖြင့် လယ်ယာကဏ္ဍ၏ လုပ်သားရှားပါးမှုအခက်အခဲ ကို ကျော်လွှားပြီး စိုက်ပျိုး မွေးမြူရေး ဆိုင်ရာ ကုန်ထုတ်လုပ်မှု တိုးတက်ရေး ၊ အသားတင် စိုက်ဧရိယာအပေါ် သီးထပ်စွမ်းအားတိုးတက်လာစေရေး၊ ပြောင်းလဲ နေသော ရာသီဥတုနှင့်အညီ အချိန်ကိုက်စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တစ်ဧကချင်း လူတစ်ဦးချင်း ၏ ထုတ်လုပ်နိုင်စွမ်း တိုးတက်ရေး အတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရန် လိုအပ်နေကြောင်း၊ ဌာနအနေဖြင့် နည်းပညာဖြန့်ဝေပေးရေးလုပ်ငန်းများနှင့် စက်မှုလယ်ယာ ကဏ္ဍ တွင် လုပ်ကိုင်နေကြသော ပုဂ္ဂလိကအပိုင်းက လုပ်သာကိုင်သာ ရှိစေရန် အားပေးကူညီခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးရန် လိုကြောင်း၊ စက်ကိရိယာထုတ်လုပ်သူများအနေဖြင့် မိမိတို့ ထုတ်လုပ်လိုက်သည့် မူလစက်စွမ်းအား နှင့် နောက်တွဲ ကိရိယာများ၊ ဆက်စပ်ကိရိယာများ ကို တောင်သူများ ၏ အသုံးပြုနိုင်မှု အပေါ် လေ့လာပြီး သုံးစွဲသူအမြင်ဖြင့် တီထွင် ဆောင်ရွက်ပေး ကြရန် လိုအပ်ချက် အပါအဝင် စက်မှု လယ်ယာစနစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယနေ့ဆွေးနွေးပွဲ က ဖော်ထုတ်ပေး နိုင်ရေး တိုက်တွန်းပါကြောင်း ဇူလိုင်လ(၆)ရက်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲ အဖွင့်အမှာစကားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည်တိုးတက်ရေး  နှင့် မိမိတို့၏ လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံများကို ဆွေးနွေး ဖလှယ်ကြသဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် နည်းပညာအသစ်များ အကြံဉာဏ်အသစ်များ ရရှိစေရန်ရည်ရွယ်၍ စကားဝိုင်း ဆွေးနွေး ပွဲများ ကို လစဉ် ပထမပတ် ဗုဒ္ဓဟူးနေ့များတွင် ကျင်းပပြုလုပ်ခဲ့ရာ ယနေ့တွင် “လယ်ယာကဏ္ဍတွင် စက်မှု လယ်ယာစနစ် ဖွံ့ဖြိုး တိုးတက်ရေး” ခေါင်းစဉ်ဖြင့် (၁၁) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း၊ စကားဝိုင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး ပြည်နယ်များမှ လေ့လာသူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ခဲ့ကြ ကြောင်း သိရသည်။

(၁၁) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲတွင် စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူး  ဦးအောင်ကျော်ကျော် က အစီအစဉ်မှု အဖြစ်တာဝန်ယူဆောင်ရွက်ပြီး ၊ ညွှန်ကြားရေးမှူး ဦးကျော်စိုး က မြန်မာ့လယ်ယာကဏ္ဍတွင် စက်မှုလယ်ယာစနစ်ဖြင့် ဆောင်ရွက် နိုင်မှု၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်အလိုက် စက်ကိရိယာသုံးစွဲရာတွင် အားနည်းချက်များ၊ စက်မှုလယ်ယာစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်သည့် အခြေအနေများ ကို လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း က လယ်ယာသုံး စက်ကိရိယာထုတ်လုပ်မှု၊ ပြည်ပမှ တင်သွင်းမှုနှင့် တောင်သူများ ဝယ်ယူသုံးစွဲနိုင်မှု အခြေအနေများ၊ ပြည်တွင်း လယ်ယာသုံး စက်ကိရိယာများ တိုးတက် ထုတ်လုပ် နိုင်ရေး၊ စက်မှုလယ်ယာကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အောင် ဆောင်ရွက် ပေးသင့်သည့်အချက်များ ကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးကျော်သူ က လယ်ယာကဏ္ဍ တွင် သီးနှံအမျိုးအစားအလိုက် လယ်ယာသုံး စက်ကိရိယာများ သုံးစွဲနေမှုအခြေအနေများ ကို လည်းကောင်း၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် မှ လက်ထောက်ကထိက ဒေါ်ခင်ဇာဇာထွန်း က တောင်သူများ၏ လယ်ယာသုံးစက်ကိရိယာများ သုံးစွဲမှုအခြေအနေ ကို သုတေသန ဆောင်ရွက်မှု ရှုဒေါင့်မှ လည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။