သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ၊ စိုက်ပျိုးရေးဦးစီးဌာန ၏ ငွေစာရင်းဆိုင်ရာကျွမ်းကျင်မှု မွမ်းမံသင်တန်းတွင် အမှာစကားပြောကြား

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန အောက်ရှိ ငွေစာရင်းဆိုင်ရာ လုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်လျက် ရှိသော ဝန်ထမ်းများ၏ စွမ်းဆောင်မှု အရည်အသွေး တိုးတက်ရေး နှင့် လုပ်ငန်းကျွမ်းကျင်မှုမြင့်မားရေးအတွက်  ငွေစာရင်း ဆိုင်ရာ ကျွမ်းကျင်မှု မွမ်းမံသင်တန်းကို ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၂၀)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၄၃) အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ် သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အမှာ စကားပြောကြားရာ၌ မိမိတို့ဌာနအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အသုံးပြုနေကြ ရသည့် နိုင်ငံ့ဘဏ္ဍာငွေကြေးများ အကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေး၊ စာရင်းဇယားများ တိကျ မှန်ကန်မှုရှိရေး အတွက် သာမက ပြည်တွင်း ပြည်ပ အဖွဲ့ အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်သည့် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်း စီမံချက်များ ရေးဆွဲချမှတ် အကောင်အထည် ဖော်ရာ၌လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ငွေစာရင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ စံသတ်မှတ်ချက်များ နှင့်အညီ ဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ငွေစာရင်း ဆိုင်ရာ လုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသူများအနေဖြင့် ငွေကြေး စီမံခန့်ခွဲသည့် ကျွမ်းကျင်သူ ပညာရှင် အဖြစ်ခံယူကာ တာဝန်ရှိသူ အဆင့်ဆင့်တို့၏ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အထောက်အပံ့ကောင်းများ အဖြစ် ဘဏ္ဍာ ငွေကြေး သုံးစွဲမှုများအား လုပ်ထုံး လုပ်နည်းများနှင့်အညီဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေး မှူးများ၊ သင်တန်းနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ကြမည့် ငွေစာရင်းဆိုင်ရာပညာရှင်များ၊  သင်တန်းတွင် တက်ရောက်လေ့လာကြမည့် ဌာနခွဲများနှင့် နေပြည်တော်စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး တို့မှ ငွေစာရင်းဆိုင်ရာလုပ်ငန်းများ တာဝန်ယူဆောင်ရွက်လျက်ရှိကြသည့် ဝန်ထမ်းများ တက်ရောက် ကြသည်။

ဇွန်လ (၂၀)ရက်နေ့ မှ (၂၄) ရက်နေ့ အထိ ( ၅)ရက်ကြာ ပို့ချပေးသွားမည့် အဆိုပါ မွမ်းမံ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန အောက်ရှိ ဌာနခွဲများနှင့် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှူး ရုံးတို့မှ ငွေစာရင်းဝန်ထမ်း(၃၅)ဦးတို့ တက်ရောက်လေ့လာလျက်ရှိကြောင်း သတင်း ရရှိသည်။