ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်း သန့်ရှင်း တင့်တယ် သော မြို့တော်အဖြစ် တည်ဆောက်ရာတွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် ရေအရင်းမြစ် ဖူလုံစွာ သုံးစွဲနိုင်ရေး ကွင်းဆင်းဆောင်ရွက်     


                                                                                       နိုင်ငံတော် က နေပြည်တော်ကောင်စီနယ်မြေကို စိမ်းလန်း သန့်ရှင်း တင့်တယ်သော (Green City ၊ Clean City ၊ Smart City ) မြို့တော်အဖြစ်  တိုးတက်အောင်ဆောင်ရွက်၍ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်ရန် လမ်းညွှန်ချက်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အရေးကြီးသော အခန်း ကဏ္ဍက ပါဝင်နေသည့် ရေအရင်းအမြစ် ဖူလုံစွာသုံးစွဲနိုင်ရေး အတွက် ဒေသအတွင်းရှိ ဆည်တမံများ၏ ကြံ့ခိုင်မှု၊ ဝင်ရေသိုလှောင်ထားရှိမှုနှင့် ရေသောက်ဧရိယာအလိုက် စနစ်တကျ ဖြန့်ဖြူးပေးရေး လုပ်ငန်းများဆောင်ရွက်ရန် ဇွန်လ (၅)ရက်နေ့ နေ့လယ်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိ သူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

             ရှေးဦးစွာ တပ်ကုန်းမြို့နယ်၊ ဒဟတ်ကုန်း ကျေးရွာအနီးရှိ  ဆင်သေရေလွှဲဆည် တွင် ဌာနတာဝန်ရှိသူများ၊ ရေအသုံးချသူ (WUG) အဖွဲ့ဝင်တောင်သူများနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ပြည်သူမျာ၏ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရေး၊ ဒေသစိမ်းလန်းစိုပြည်ရေးအတွက် လိုအပ်သော ရေကိုဖူလုံစွာအသုံးပြုနိုင်ရန် ဆည်တမံများ၊ ရေသောက်စနစ်များ၊ ရေပေးဝေရေးလုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲရန် လိုကြောင်း၊ ရေကိုအလေအလွင့်မရှိ အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ရာသီအလိုက် စိုက်ပျိုးမည့် သီးနှံနှင့် ရေလိုအပ်ချက်ပမာဏ၊ မွေးမြူရေးလုပ်ငန်းများနှင့် သောက်သုံးရေလိုအပ်ချက် စသည့် အသုံးပြုမည့်ရေပမာဏ နှင့် ဒေသတွင်းရှိ ဆည်များ၏ ဝင်ရေစုဆောင်းနိုင်မှု၊ သိုလှောင်နိုင်မှုကို ဟန်ချက်ညီဖြစ်စေရေး အတွက် သက်ဆိုင်ရာဌာနများအချင်းချင်း ညှိနှိုင်းတွက်ချက်ဆောင်ရွက် ကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အင်းခုံကျေးရွာအနီး မြိုလှချောင်း ပေါ် တွင် တည်ဆောက်ထားသည့် မြို့လှရေလှောင် တမံ သို့ ရောက်ရှိပြီး တမံကြံ့ခိုင်မှု ရေဝင်ရောက်မှု နှင့် ဆင်သေရေလွှဲဆည် သို့ ဖြည့်တင်းရေကူ ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု၊ မဲတီးကျေးရွာ တောင်သူ ဦးကြည်စိန်၏ တစ်ကွင်းတဆက်တည်း (၁၃)ဧက စိုက်ပျိုးထားရှိသည့် ရေဆင်း(၁)စပ်မျိုး နေကြာ မျိုးစေ့ထုတ်စိုက်ခင်းသို့ ကို  ကြည့်ရှုအားပေးပြီး၊ ဌာနဆိုင်ရာများ တောင်သူများ နှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စိုက်ပျိုးရာသီ တစ်ရာသီ နှစ်ရာသီအတွင်း ပြည်တွင်း စားသုံးဆီ ဖူလုံရေး အထောက်အကူပြုနိုင်မည့် နေကြာသီးနှံကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလုပ်ကိုင်နိုင်ကြစေရန် စံပြကွက်များထူထောင်ခြင်း၊ နည်းပညာနှင့် အကူအညီ များ ဖြည့်ဆည်း ပေးခြင်းကို ဌာနနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များအား ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိစက်မှုဇုံရှိ  ပုဂ္ဂလိက ကုမ္ပဏီ က ဆောင်ရွက်လျက်ရှိသည့် အသားခြောက် ထုတ်လုပ်ခြင်း လုပ်ငန်းသို့ ရောက်ရှိကြပြီး စက်ရုံ လည်ပတ်နေမှုအခြေအနေများ၊ အမဲသား နှင့် ကျွဲသား အသားခြောက် ထုတ်လုပ်နေမှု၊ ပြည်ပစျေးကွက်သို့ တင်ပို့နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် စျေးကွက် ရရှိရန် ထွက်ကုန်ပစ္စည်းများ အရည်အသွေး ပြည့်ဝရေးနှင့် သက်ဆိုင်ရာစျေးကွက်၏ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ထုတ်လုပ်မှုဖြစ်စေ ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် တန်ဖိုးမြှင့်ကုန်ချောထုတ် စက်မှုလုပ်ငန်းများ တိုးပွားလာရေးအတွက် အသေးစား အလတ်စား လုပ်ငန်းရှင်များအား လက်တွဲခေါ်ယူခြင်း၊ ပူးပေါင်းလုပ်ကိုင်ခြင်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို စက်ရုံ တာဝန်ရှိ သူများ အား ဆွေးနွေးမှာကြားခဲ့ကြောင်းသတင်းရရှိသည်။