နယ်သတင်းများ သတင်းကဏ္ဍ

အလုပ်အကိုင်အခွင့်အလမ်းရရှိရေး နှင့် မိသားစုဝင်ငွေတိုး လုပ်ကိုင်နိုင်ရေး အထောက်အကူပြု မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း(၅/၂၀၁၉)ဖွင့်လှစ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသကဲ့သို့ အခြားတဘက်တွင်လည်း ကျေးလက်လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက်  လေ့လာသင်ယူရန် ရိုးရှင်းလွယ်ကူပြီး အိုးမကွာ အိမ်မကွာ မိသားစုတပိုင်တနိုင်ဝင်ငွေတိုး လုပ်ငန်းအဖြစ်လုပ်ကိုင်နိုင်ရန် နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရန် တိုင်းဒေသကြီး ပြည်နယ်များတွင် မိတ်ဘက် အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍  မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်း သင်တန်းများ ကို ဖွင့်လှစ်ပို့ချပေးခဲ့သည့်နည်းတူ  စိုက်ပျိုးရေးဦးစီးဌာန၊ ဘက်စုံစိုက်ပျိုး မွေးမြူရေး စခန်း ပဲခူး(၁၀)မိုင်သင်တန်းကျောင်း၌လည်း သင်တန်းအပတ်စဉ်အလိုက် ပို့ချပေးလျက်ရှိသည်။

အဆိုပါသင်တန်းကျောင်း၌ စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းက ဖွင့်လှစ်သော  မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း(၅/၂၀၁၉) သင်တန်းဖွင့်ပွဲတွင် စိုက်ပျိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အင်ကြင်းခိုင် က အဖွင့်အမှာစကား ပြောကြား ပြီး သင်တန်းသို့ ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၀)ခု တို့မှ စုစုပေါင်းသင်တန်းသား(၄၀)ဦးတို့ တက်ရောက်ကြသည်။

သင်တန်းတွင် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးလျက်ရှိသော အပူပိုင်းမှိုများနှင့် အအေးပိုင်း မှိုများ မွေးမြူ စိုက်ပျိုးခြင်းနှင့်ပတ်သက်သည့် နည်းပညာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပြီး သင်တန်းကာလအတွင်း ပုဂ္ဂလိကမှိုမွေးမြူစိုက်ပျိုး ထုတ်လုပ်သော လုပ်ငန်းသို့ သွားရောက်လေ့လာမည်ဖြစ်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၇ ရက်ကြာပို့ချပေးမည့် အဆိုပါ သင်တန်းတက်ရောက်သူများအနေဖြင့် မှိုမှ စားသောက်ကုန် ကုန်ချောပစ္စည်းများ ထုတ်လုပ်တက်စေရန် နှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်တလျောက်ဆောင်ရွက်ရမည့် နည်းပညာ ဗဟုသုတများရရှိစေရန်အတွက် မှိုစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ လက်ရှိအောင်မြင် နေသော လုပ်ငန်းရှင်တစ်ဦး က အချိန်ပိုင်း တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပြီးနောက် မိမိဒေသ၌ လက်တွေ့လေ့လာဆောင်ရွက်နိုင်ရန် တစ်ဦးလျှင် မှိုမျိုးထုပ်(၁၀)ထုပ်စီ လက်ဆောင်ပေးအပ်မည်ဖြစ်ကာ လက်တွေ့လုပ်ငန်းခွင် အခက်အခဲများ ကြုံတွေ့ရပါကလည်း သင်တန်းကျောင်းသို့ ဆက်သွယ်သတင်းပို့၍ အကူအညီရယူ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။