နယ်သတင်းများ သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အာဆီယံအပေါင်း (၃) အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ် (၃) အရ လှူဒါန်းသော ဆန်တန်ချိန် – ၂၀ အား ကရင်ပြည်နယ် သို့ ထောက်ပံ့လှူဒါန်း

အာဆီယံအပေါင်း (၃) အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ် (၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် -၂၀ (ဆန်အိတ် – ၅၀၀) အား ကရင်ပြည်နယ် သဘာဝဘေးသင့်ပြည်သူများသို့ ထောက်ပံ့လှူဒါန်းပွဲကို သြဂုတ်လ ၁၇ ရက်နေ့နံနက် (၈)နာရီအချိန် တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) ကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ်  မှ APTERR (Asean Plus Three Emergency Rice Reserve) ကောင်စီဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက် နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က အရန်ဆန်ရိက္ခာ လှူဒါန်းပေးအပ် ခြင်းအတွက် ကရင်ပြည်နယ်ရေဘေးသင့်ပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) ကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ်  မှ APTERR (Asean Plus Three Emergency Rice Reserve) ကောင်စီဝင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က APTERR အစီအစဉ်နှင့် အာဆီယံ အပေါင်း (၃) အရေးပေါ်အရန်ဆန်ရိက္ခာ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရေဘေးသင့်ပြည်သူများ အတွက် လှူဒါန်းသော ဆန်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်

က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

၂၀၁၉ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လများအတွင်း ကရင်ပြည်နယ် ၌ မိုးရွာသွန်းမှုများပြားပြီး မြစ်ရေကြီးမှု ရေးကြီး ရေလျှံမှုများကြောင့် ရေဘေးသင့်ခဲ့သော ပြည်သူများ အတွက် အာဆီယံအပေါင်း (၃) အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ် (၃)၏ အလိုအလျောက် ခလုတ်ဆွဲစနစ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် ၂၀ (အိတ် – ၅၀၀)ကို  လှိုင်းဘွဲမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် (၂၀၀) ၊ ကော့ကရိတ်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် (၁၀၀) ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် (၁၀၀) ၊ ကျိုက်ဒုံမြို့ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် (၁၀၀)တို့ကို အသီးသီးလွှဲပြောင်းပေးအပ်လှူဒါန်း သွားမှာ ဖြစ်ကြောင်း သိရသည်။