ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကရင်ပြည်နယ် ငြိမ်းချမ်းရေး နှင့် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု များအား ကြည့်ရှု အားပေး

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ် တွင် လက်မှတ် ရေးထိုး ၍ နိုင်ငံတော် ၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ၌ နိုင်ငံတော်အစိုးရ နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ကရင်အမျိုးသား အစည်း အရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ၊ ငြိမ်းချမ်းရေးကောင်စီ ဦးဆောင်သည့် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် မိသားစုများ ၏ အသက်မွေးဝမ်းကျောင်းနှင့် ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်/မွေး/ဆည်ဝန်ကြီး ဦးစောမြင့်ဦး ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက မြဝတီခရိုင် ၊ မြဝတီမြို့နယ် ထီးလော်သေ့ကျေးရွာ စောနေစိုးမြ မွေးမြူရေးစခန်း သို့ရောက်ရှိကြပြီး ငြိမ်းချမ်းရေး နှင့် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက် နေမှု များကို ကြည့်ရှု အားပေးကြသည်။
ရှင်းလင်းဆောင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ)မှ စောနေစိုးမြ နှင့် တာဝန်ရှိသူများက စခန်းအတွင်း နွား၊ ဝက်၊ ဆိတ်၊ ကြက်၊ ငါး မွေးမြူလုပ်ကိုင်နေမှု ၊ နေဗီယာမြက် နှင့် မွန်ဘားဆားမြက် စိုက်ပျိုးနေမှု၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးလုပ်ကိုင်နေမှုများကို ရှင်းလင်း တင်ပြပြီး စပါးအပါအဝင် တွက်ခြေကိုက် သီးနှံ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရေး ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက် နိုင်ရေး တို့အတွက် ရေအရင်းအမြစ် စုဆောင်း အသုံးပြုနိုင်ရေး၊ စိုက်ပျိုးမြေ တရားဝင် လျောက်ထားအသုံးပြုနိုင်ရေး၊ နည်းပညာကူညီပေးရေး လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးက ပြည်နယ်ရန်ပုံငွေမှ ကူညီ ထောက်ပံ့ ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က နွားမွေးမြူရေး ဖွံ့ဖြိုး တိုးတက်စေရန် မေထုန်မဲ့ သားစပ် လုပ်ငန်းဆောင်ရွက် ပေးခဲ့မှု နှင့်  တိရစ္ဆာန်ကျန်းမာရေးနှင့် ရောဂါကာကွယ်ရေးဆိုင်ရာနည်းပညာများ ပံ့ပိုး ပေးခြင်း အပါအဝင် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တလျောက် ဆောင်ရွက်ရန်လိုအပ်သည့် နည်းပညာ နှင့် သွင်းအားစုများ ကို ကူညီထောက်ပံ့ပေးနိုင်ခဲ့မှုနှင့် တိုးမြှင့်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် က ဒေသရာသီဥတုနှင့် လိုက်လျောညီထွေမည့် ငါးမျိုးရရှိရေး နှင့် နည်းပညာပံ့ပိုးပေးရန် ကိစ္စရပ်များကိုလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးသက်နိုင်ဦး က မြေကြီးမြေပုံ မှန်ကန်ရေး နှင့် ဥပဒေနှင့်ညီညွတ်သော မြေယာအသုံးပြုမှုဖြစ်စေရေး စိစစ် ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ တောင်သူများအပါအဝင် ကျေးလက်နေပြည်သူများအား တိုက်ရိုက် အကျိုးပြုနိုင်မည့် ဦးစီးဌာနများဖြင့် ဖွဲ့စည်း ထား သကဲ့သို့ လက်တွေ့ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်လည်း ရှိပါ ကြောင်း၊ ယခုကဲ့သို့ ငြိမ်းချမ်းရေး နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများ အား ကူညီပံ့ပိုးပေးခွင့်ရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း ၊ လိုအပ်သည့် နည်းပညာ နှင့် အကူအညီများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ ၏ ကြီးကြပ်မှု ၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၏ အထောက်အပံ့ဖြင့် မွေးမြူထားသော အမှတ် ၇၇၅ မွေးမြူရေးခြံအား ကြည့်ရှုစစ်ဆေးရာ စခန်းတာဝန်ခံ စောကော်လူး က ခြံအတွင်းဆောင်ရွက်လျက်ရှိသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ နှင့် လိုအပ်ချက်များ အား    ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရှိရသည်။