ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ သောင်ရင်းမြစ် ဖြတ်ကျော် မြဝတီနယ်စပ် အမှတ်(၂)ဂိတ် သို့ ရောက်ရှိစစ်ဆေး

            စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်/မွေး/ဆည်ဝန်ကြီး ဦးစောမြင့်ဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့်အတူ နိုဝင်ဘာလ၁၆ရက်နေ့ညနေပိုင်းက မြဝတီခရိုင်၊ မြဝတီမြို့နယ်ရှိ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ သောင်ရင်းမြစ်ဖြတ်ကျော် မြဝတီနယ်စပ် အမှတ်(၂)ဂိတ်သို့ ရောက်ရှိကြပြီး အပင်နှင့်အပင်ထွက်ပစ္စည်း စစ်ဆေးရေးစခန်း၊ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်းစစ်ဆေးရေးစခန်း၊ ရေထွက်ပစ္စည်းစစ်ဆေးရေး စခန်းများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကရှင်းလင်းတင်ပြကြသည်။

           ရှေးဦးစွာ အပင်နှင့်အပင်ထွက်ပစ္စည်းစစ်ဆေးရေးစခန်းအား ကြည့်ရှု စစ်ဆေးရာ တင်သွင်းလာမည့်အပင်နှင့်အပင်ထွက်ပစ္စည်းများတွင် ပိုးမွှားရောဂါ ပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် လိုအပ်သော အမျိုးအစားနှင့် ကန့်သတ်ချက်များအား အပင်ပိုးမွှားကာကွယ်သည့် ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိမှု များကို စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး က ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေး မှူးချုပ် ဒေါက်တာရဲတင့်ထွန်း ကဖြည့်စွက် ရှင်းလင်း တင်ပြသည်။

           ဆက်လက်၍ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်း စစ်ဆေးရေးစခန်းအား ကြည့်ရှု စစ်ဆေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က တိရစ္ဆာန်ကူးစက်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများနှင့် တင်သွင်း တင်ပို့ခွင့်ဆိုင်ရာ စိစစ်ရေးလုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြသည်။

            ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော် က ရေထွက်ပစ္စည်းများ တင်သွင်းတင်ပို့ခြင်းလုပ်ငန်းများအတွက် လိုအပ်သော စစ်ဆေး ဆောင်ရွက်နိုင်ရန်ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

           ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားရာတွင် မကြာမီဖြတ်သန်း အသုံးပြု တော့မည့် သောင်ရင်းမြစ်ဖြတ်ကျော် မြဝတီနယ်စပ် အမှတ်(၂)ဂိတ်ကို နှစ်နိုင်ငံ ကုန်စည် စီးဆင်းမှုတိုးမြှင့်နိုင်ရေးအတွက် အသစ်တိုးချဲ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်၍ မိမိတို့နှင့် သက်ဆိုင်သည့် တင်သွင်း တင်ပို့ခွင့်ဆိုင်ရာ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်ဆန် သွက်လက်ရေး နှင့် အတူ စစ်ဆေးကြပ်မတ်မှု အပိုင်းတွင်လည်း သတ်မှတ် စံနှုန်းများနှင့် အညီ ဖြစ်စေရေး အထူးဂရုပြုဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။