ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇွန်လ (၁၆) ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး သို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အမှာစကားပြောကြားရာတွင် မြို့နယ်နှင့် ခရိုင်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့များအနေနှင့် လယ်ယာမြေဥပဒေပုဒ်မ ၃၀(က)နှင့် ပုဒ်မ ၃၀(ခ)တို့အရ ခွင့်ပြုခဲ့သည့် လယ်ယာမြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ရရှိပြီးနောက် အမှန်တကယ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို လယ်ယာမြေနည်းဥပဒေ ၉၀ နှင့်အညီ ကွင်းဆင်းစစ်ဆေးတင်ပြရန်လိုအပ်ပြီး ကွင်းဆင်းစစ်ဆေးချက်အရ သတ်မှတ် သည့် နည်းလမ်းအတိုင်း စတင်အသုံးမပြုခြင်း၊ သတ်မှတ်သည့်ကာလအတွင်း လုပ်ငန်းပြီး စီးမှု မရှိခြင်းများကို တွေ့ရှိပါက နည်းဥပဒေပါ ပြဌာန်းချက်နှင့်အညီ သီးခြားကိစ္စတစ်ရပ်အဖြစ် အမှုတွဲဖွင့်လှစ်၍ လယ်ယာ မြေဥပဒေ ပုဒ်မ ၃၁ နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ ပြန်လည်တင်ပြရန် လိုအပ်ကြောင်း၊ ထိုသို့ အရေးယူဆောင်ရွက်မှသာ လယ်ယာမြေကို အခြားနည်းအသုံးပြုရန် အမှန်တကယ် လိုအပ်ချက်အရ လုပ်ငန်းဆောင်ရွက်အသုံးပြုလို သူများသာ လျှောက်ထားလာနိုင်ပြီး ၊ မြေတန်ဖိုးမြင့်တက်လာစေရန် ရည်ရွယ်၍ အမှန် တကယ်အသုံးပြုလိုမှုမရှိဘဲ လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားမှုများ ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊
ထို့အပြင် လယ်ယာမြေအငြင်းပွားမှုဖြစ်စဉ်များ ဖြေရှင်းခြင်းအပါအဝင် အခြားနည်း အသုံးပြုခွင့်လျောက်ထားခြင်းလုပ်ငန်းများအား ဥပဒေ ၊ နည်းဥပဒေပါ ပြဌာန်းချက်နှင့်အညီ ကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သို့မှသာ အမှန်တကယ်ရင်းနှီး မြုပ်နှံမည့်သူများအတွက် လုပ်ငန်းဆောင်ရွက်မှု အဟန့်အတားမဖြစ်စေဘဲ တစ်ဘက်တွင် လည်း နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေ နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အကြောင်းအရာများအလိုက်တင်ပြရာ အစည်းအဝေးတက်ရောက် လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။ယနေ့ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက စိစစ်တင်ပြလာသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) သိမ်းဆည်းပယ်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် အသုံးပြုခွင့် ရရှိထားသောမြေကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လယ်ယာမြေအဖြစ်သတ်မှတ်ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လယ်ယာမြေများ အား အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ(၁၅)ထုတ်ပေးရန် တင်ပြလာသော ကိစ္စရပ်များ၊ တိုင်းဒေသကြီး ပြည်နယ် နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှု ကိစ္စများကြန့်ကြာမှု မရှိစေရန် ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။