နယ်သတင်းများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မိုးစပါး ဧက(၂၅၀၀၀) စိုက်ပျိုးရန် လျာထား

      စစ်ကိုင်းတိုင်းဒေသကြီး   နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်( ၃ ) မြို့နယ်နှင့် မြို့ ( ၄ ) မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါး(၂၅၀၀၀)ဧကစိုက်ပျိုးသွားရန် လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

“စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ မြို့နယ်နဲ့မြို့တွေက အများအားဖြင့် တောင်တန်းပေါ်တွေမှာရှိတဲ့အတွက်  လှေကားထစ်တောင်ယာစိုက်ပျိုးရေးတွေကို အဓိကထား လုပ်ကိုင်ကြတယ် သီးနှံမျိုးစုံစိုက်ပျိုးကြတဲ့အထဲမှာ စပါးကို တစ်နှစ်ထက်တစ်နှစ်ပိုပြီးစိုက်ပျိုး လာကြတယ်၊ စိုက်ပျိုးရေးဦးစီးဌာနကလည်း ဒေသနဲ့ကိုက်ညီတဲ့ မျိုးတွေ ထောက်ပံ့ပေးသလို လိုအပ်တဲ့ စိုက်ပျိုးနည်း စနစ်တွေကိုလည်း စိုက်ခင်းနေရာတွေ အရောက် သွားပြီး ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီး ဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မိုးစပါးစိုက်ရာသီတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့နယ်အတွင်း (၅၁၈၆) ဧက၊ မိုပိုင်းလွတ်မြို့အတွင်း (၅၂၀)ဧက၊ လဟယ်မြို့နယ်အတွင်း (၅၆၆၂)ဧက၊ ထန်ပါခွေမြို့အတွင်း (၁၄၉၉)ဧက၊ နန်းယွန်းမြို့နယ်အတွင်း (၂၄၇၆)ဧက၊ ဒုံဟီးမြို့အတွင်း (၄၆၅၀)ဧက၊ ပန်ဆောင်မြို့အတွင်း (၅၀၀၇)ဧကကို စိုက်ပျိုး သွားရန်လျာထားကြောင်း သိရသည်။