ပြည်ထောင်စုအဆင့်သတင်း

ကျန်းမာရေးနှင့်သင့်လျော်ပြီး ဘေးအန္တရာယ်ကင်းရှင်း လုံခြုံစိတ်ချရသည့် စိုက်ပျိုးသီးနှံများဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကျင်းပ။

‌စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရများအသင်း AUAA က ကြီးမှူးကျင်းပသည့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၏ (၁၃) ကြိမ်မြောက် သုတေသန စာတမ်းဖတ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် ၉ နာရီက ဇေယျာသီရိမြို့နယ်၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ပြီး ကျန်းမာရေး နှင့် သင့်လျော်ပြီး ဘေးအန္တရာယ်ကင်းရှင်း လုံခြုံစိတ်ချရသည့် စိုက်ပျိုးသီးနှံများ ဆိုင်ရာ စာတမ်းများကို ဖတ်ကြားတင်ပြကြသည်။

စာတမ်းဖတ်ပွဲသို့ ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်၊ ပါမောက္ခဌာနမှူးများ၊ စာတမ်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကေျာင်းသား ကေျာင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကား ပြောကြားရာ၌ အဆင့်မြင့် စိုက်ပျိုးရေး ပညာရှင်များ မွေးထုတ်ပေးခြင်း၊ အရည်အသွေးပြည့်ဝသည့် မျိုးဆက်သစ် စိုက်ပျိုးရေး ပညာရှင်များ‌ ပေါ်ထွက်လာရေးအတွက် ပြုစုပျိုးထောင် စီစဉ်ဆောင်ရွက်ပေးခြင်း အပါ အဝင် စိုက်ပျိုးရေးဘွဲ့ရ ပညာရှင်များ၏ အသိပညာ ဗဟုသုတများ ဖြန့်ဝေပေးနိုင်မှု စွမ်းအားသည် မိမိနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ  တိုးတက်မြင့်မားလာရေးအတွက် အဓိကဖြစ်ကြောင်း၊

စိုက်ပျိုးရေးကိုအခြေခံပြီး စက်မှုလယ်ယာစနစ် အသွင်ကူးပြောင်းကာ နိုင်ငံ စီးပွား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့်ကာလတွင် ယခုကဲ့သို့ တက္ကသိုလ်ရှိ စိုက်ပျိုးရေးပညာရှင်များ နှင့် သီးနှံဆိုင်ရာသုတေသနပညာရှင်များ၏ လယ်ယာ စိုက်ပျိုး သီးနှံများအပေါ် သုတေသနရလဒ်များဆိုင်ရာ စာတမ်းများ ပြုစု ဖတ်ကြား တင်ပြနိုင်ခြင်း အတွက် များစွာဂုဏ်ယူပါကြောင်း၊

စိုက်ပျိုးရေးသွင်းအားစုများ အလွန်အကျွံသုံးစွဲမှု နှင့် နည်းစနစ်လိုက်နာမှု အားနည်း ခြင်းတို့ကြောင့် လယ်ယာ လုပ်ငန်းခွင်တွင် လုပ်ဆောင်နေကြသည့် တောင်သူများ၊ လယ်ယာလုပ်သားများနှင့် ယင်းတို့၏ မိသားစုများကို ဘေးအန္တရာယ် ဖြစ်စေရုံမျှမကပဲ စားသုံးသူများ၏ ကျန်းမာရေးထိခိုက်မှု ပြဿနာများအထိ ဆိုးကျိုးများ ကြီးမားစွာ သက်ရောက်နေမှုကို ပိုမို သိမြင်လာကြစေရန် အသိပညာပေး လုပ်ငန်းများအား ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်နေကြောင်း၊ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော စိုက်ပျိုးရေးထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေး နှင့် နိုင်ငံတကာစျေးကွက်သို့ ဝင်ရောက် ယှဉ်ပြိုင် ရောင်းချ နိုင်ရန်အတွက် အနိမ့်ဆုံးအဆင့် GAP စနစ်ကျင့်သုံးခြင်း မှ အမြင့်ဆုံးအဆင့် Organic Farming စနစ်အထိ မျှော်မှန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

ယင်းလိုအပ်ချက်များအပေါ် ယနေ့ကျင်းပပြုလုပ်သည့်  သုတေသန စာတမ်းများ တင်သွင်း ဖတ်ကြားခြင်းများမှတဆင့် ဖြည့်ဆည်းပြောင်းလဲပေးနိုင်မည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားသည်။သုတေသန စာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က သဘာပတိအဖြစ်ဆောင်ရွက်ပြီး စာတမ်းရှင်များက စာတမ်းများဖတ်ကြားတင်ပြကြရာ ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော လယ်ယာစိုက်ပျိုးရေး အခြေအနေများစာတမ်း ၊ မွှားပင့်ကူစား သားရဲလိပ်ခုံးကျိုင်း အပေါ် အပူချိန်အမျိုးမျိုးနှင့် သားကောင် အရေအတွက် အနည်းအများအလိုက် အကျိုးသက်ရောက် မှု ကို လေ့လာခြင်းစာတမ်း၊ ထိန်းချုပ် ထားသော ပတ်ဝန်းကျင်၌ ပဲရိုးထဲတွင်ပါဝင်သည့် အာဟာရဓါတ်များ၏ ကစော် ဖောက်နိုင်ခြင်းအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခြင်း စာတမ်း၊ ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ လယ်ယာစိုက်ပျိုးရေးနည်းစနစ်များကို ဆန်းစစ် လေ့လာခြင်း စာတမ်း၊ မလေးရှားနိုင်ငံတွင် စားအုံးဆီစိုက်ပျိုးထုတ်လုပ်မှုအတွက် လုံခြုံ စိတ်ချမှု ရှိစေသော နည်းပညာများကို လေ့လာခြင်းစာတမ်း၊ မြန်မာနိုင်ငံတွင် ငမြောင်တောင် ကျရောက်မှုကို မော်လီကျူလာနည်းအရ ခွဲခြမ်းစိတ်ဖြာခြင်းစာတမ်း၊ မြေဆီလွှာ စီမံခန့်ခွဲမှုနည်းလမ်းများစာတမ်း၊ ခရမ်းချဉ်ပင်ညိုးရောဂါကို ဖြစ်စေသော ရေစတိုးနီးယား ဆိုလာနေဆီရမ် ဘက်တီးရီးယား ကျရောက်မှု လေ့လာခြင်းစာတမ်း၊ ပျော့ရွာ မြစ်ရေတင်စီမံကိန်းတွင် ရေစီမံခန့်ခွဲမှုနည်းလမ်းများ၏ စပါးအထွက်နှုန်းနှင့် ရေကို အကျိုးရှိစွာ အသုံးပြုမှုအပေါ်တွင် အကျိုးသက် ရောက်မှုအား လေ့လာခြင်း စာတမ်း၊ ကြက်သွန်နီ ဂျိုလိမ်ရောဂါကိုဖြစ်စေသော Collectotrichum gloeaspoiriodes ကျရောက်မှုအခြေအနေကိုလေ့လာခြင်းစာတမ်း၊ မြန်မာနိုင်ငံတွင်ရှိသော ဒန်ဒရုံဘီယမ် သစ်ခွများ၏ မျိုးရိုးဗီဇဆက်နွယ်မှုများကို လေ့လာခြင်းစာတမ်း၊ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် တက္ကသိုလ်များ၏ အခန်းကဏ္ဍများကို လေ့လာခြင်း စာတမ်း၊ မြန်မာနိုင်ငံ၏ စိန်ကွက်ပလံနှင့် ၄င်း၏ ကပ်ပါးသားလောင်းများ၏ ဘဝစက်ဝန်း ကို လေ့လာခြင်းစာတမ်း၊ ငရုတ်ပင်၏ အထွက်နှုန်းနှင့် အထွက်နှုန်း မိတ်ဖက်များ အပေါ်တွင် ရေသွင်းနည်းစနစ်များ၏ အကျိုးသက်ရောက်မှုကို လေ့လာခြင်း စာတမ်း၊ ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ ပေါင်းစည်း လယ်ယာ စနစ်၏ ကျေးလက် လူနေမှုနှင့် အာဟာရဖူလုံမှုအပေါ် သက်ရောက်မှုကိုလေ့လာခြင်း စာတမ်း၊ ပဲပုပ်သီးနှံ၏ မျိုးစေ့ဆောင် ရောဂါများအား Incubation နည်းလမ်းအမျိုးမျိုး အား အသုံးပြု၍ စမ်းသပ် လေ့လာခြင်း စာတမ်း၊ ရောစပ်ထားသည့် ပိုးသတ်ဆေးများ၏ ပေါင်းစပ်မှုအာနိသင်နှင့် ရွေးချယ်ပိုးသတ်ဆေးများ၏ ဖြုတ်ညိုပိုးအပေါ် ထိရောက်သည့် အချိုးများကို လေ့လာခြင်း စာတမ်း စသည်ဖြင့် သက်ဆိုင်ရာ စာတမ်းခေါင်းစဉ် အလိုက် စာတမ်းရှင်များက ဖတ်ကြား တင်ပြကြပြီး  စာတမ်းဖတ်ပွဲ တက်ရောက် လာကြသူများ၏ မေးမြန်းမှုများအား ပြန်လည် ဆွေးနွေးဖြေကြား ခဲ့ကြကြောင်း သတင်းရရှိသည်။