စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံခြားချေးငွေ စီမံကိန်း များ ဆိုင်ရာ ဦးဆောင်ကော်မတီအစည်းအဝေး(၄/၂၀၁၉) ကို ဒီဇင်ဘာလ ၁၆ ရက် ညနေပိုင်း က နေပြည်တော် ရုံးအမှတ် ၁၅ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဦးဆောင်ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယ ဥက္ကဌ ဒုတိယ ဝန်ကြီး ဦးလှကျော် နှင့် ကော်မတီဝင်များဖြစ်ကြသည့် အမြဲတမ်း အတွင်းဝန်များ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
ဦးဆောင်ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြား ရာတွင် ဆောင်ရွက်ဆဲ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ရန်ပုံငွေကြေးများ ထိရောက် အကျိုးရှိစွာ သုံးစွဲရေးနှင့် လုပ်ငန်းလျာထားချက်များ အတိုင်း အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလ ပြီးစီးရေး စိစစ်ကြပ်မတ်ရန် လိုအပ်သကဲ့သို့ ညှိနှိုင်းဆဲ စီမံကိန်းများနှင့်ပတ်သက်၍လည်း လုပ်ငန်းများ မြန်ဆန်ထိရောက်စေရေး အတွက် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ ညှိနှိုင်းရန် ကိစ္စများ နှင့် ကြိုတင် ဆောင်ရွက်ရမည့်လုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်ထားကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဆောင်ရွက်ဆဲချေးငွေစီမံကိန်းများ ၏ စီမံကိန်းစတင်သည်မှ နှစ်အလိုက် ငွေကြေးသုံးစွဲခဲ့မှု အခြေအနေ နှင့် ဌာနအလိုက် ဆောင်ရွက်ဆဲ ချေးငွေ စီမံကိန်းများ၏ အခြေအနေများအား သက်ဆိုင်ရာ တာဝန်ရှိသူများ က ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ဦးဆောင်ကော်မတီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး က ဖြည့်စွက် ဆွေးနွေးပြီး ဦးဆောင်ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ချေးငွေစီမံကိန်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုများ နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများ၊ ၃/၂၀၁၉ အစည်း အဝေး ဆုံးဖြတ်ချက်ပါ ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲစီမံကိန်းလုပ်ငန်းများ၏ အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
၂၀၁၅-၂၀၁၆ ခုနှစ်၊ ဧပြီလ မှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကုန်အထိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ ဆောင်ရွက်ဆဲ ချေးငွေ စီမံကိန်းများတွင် သမဝါယမကဏ္ဍ (၃) ခု၊ စိုက်ပျိုးရေး ကဏ္ဍ (၈) ခု နှင့် မွေးရေ/ကျေးလက်ကဏ္ဍ(၇) ခု စုစုပေါင်း (၁၈)ခုရှိကြောင်း၊ ညှိနှိုင်းဆဲ ချေးငွေ စီမံကိန်း (၃) ခုတွင် စိုက်ပျိုးရေး ဝင်ငွေ တိုးတက်စေရေး စီမံကိန်း အဆင့်(၂) ၊ ရင်ဆိုင်တုန့်ပြန်နိုင်စွမ်းအား ကောင်းသော လူထု ဖွံ့ဖြိုးရေးစီမံကိန်း နှင့် ဒေသတွင်း အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်ရေး (မြို့ရေရရှိရေး) စီမံကိန်း တို့ပါဝင် ပြီး အထောက်အပံ့ စီမံကိန်းများတွင် ဆောင်ရွက်ဆဲ (၁၂၈) ခု၊ ညှိနှိုင်းဆဲ (၅၅)ခု စုစုပေါင်း (၁၈၃) ခု ရှိကြောင်း သိရှိရသည်။