နယ်သတင်းများ သတင်းကဏ္ဍ

သထုံမြို့နယ်၌ ဧက(၁၀၀) စံပြစိုက်ကွက်အဖြစ် မိုးစပါးစိုက်ပျိုးကြမည့် တောင်သူများအား မျိုးသန့်မျိုးစပါးများထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါး တစ်ဧက တင်း(၁၀၀)အထက် ထွက်ရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သမားရိုးကျစိုက်ပျိုးထုတ်လုပ်မှု မှ နည်းပညာရပ်ဆိုင်ရာများကို စနစ်တကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် သီးနှံအရည်အသွေးနှင့်အထွက်နှုန်းမြင့်မားမှုကို တောင်သူများ လက်တွေ့ လေ့လာနိုင်ကြရန် မိုးစပါး စံပြစိုက်ကွက် ဧက(၁၀၀)ကို ဌာနနှင့်တောင်သူများပူးပေါင်း၍ စံနမူနာပြ စိုက်ပျိုး သွားမည် ဖြစ်ကြောင်းသိရသည်။

မြေပြင်ထွန်ယက်ခြင်း၊ မျိုးရွေးချယ်ခြင်း၊ စိုက်ပျိုးနည်းစနစ်  နှင့် သွင်းအားစုအသုံးပြုခြင်းများပါဝင်သည့် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့သည်အထိ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို စိုက်ပျိုးရေး ဦးစီးဌာန ပညာရှင်ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဧက(၁၀၀)စံပြ စိုက်ကွက် တွင် မိုးစပါးစိုက်ပျိုးကြမည့်တောင်သူများထံ မျိုးသန့်မျိုးစပါးများပေးအပ်ခြင်းကို ဇွန်လ ရက် မွန်းလွဲပိုင်း က  မြေနီကုန်းကျေးရွာ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစံရင်မော် ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်သင်းသင်းဆင့် ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့် နှင့် ဝန်ထမ်းများ ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ မျိုးသန့်မျိုးစပါးများပေးအပ်ခြင်းအခမ်းအနားတွင် သထုံမြို့နယ်၊ ဒေးဗရိမ်းကျေးရွာ ၌ ဆောင်ရွက်မည့် စံပြစိုက်ကွက် ဧက(၅၀)နှင့် သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက် ၌ ဆောင်ရွက်မည့် စံပြစိုက်ကွက်ဧက(၅၀) စုစုပေါင်း စံပြစိုက်ကွက် ဧက(၁၀၀)တို့မှတောင်သူ(၁၄)ဦးတို့ထံ တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့်ဆင်းသုခ မျိုးသန့် မျိုးစပါး တင်း(၁၀၀) ပေးအပ်ခဲ့ကြကြောင်း၊ သထုံမြို့နယ်တွင် မျိုးသန့်မျိုးပွား မျိုးစေ့ထုတ်ဧက(၁၁၀)ရှိပြီး နှစ်စဉ် မိုးစပါး ဧက (၁၃၀၀၀၀) ကျော် စိုက်ပျိုးလျက်ရှိကြောင်း၊  သထုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် တစ်ဧကချင်း၏အထွက်နှုန်းတိုးရေး၊ သီးထပ်စွမ်းအားမြှင့်တင်ရေး နှင့် ဒေသ၏ သီးနှံစုံ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေး အတွက် ကြိုးပမ်းလျက်ရှိကြောင်းသတင်းရရှိသည်။