ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နို့နှင့် နို့ထွက် ပစ္စည်းများအပါအဝင် မွေးမြူရေးကို အခြေခံသည့် ကုန်ချောထုတ်စက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာ ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်

နိုင်ငံတကာ၏ ငွေကြေးဈေးနှုန်းအပြောင်းအလဲများ၊ ကုန်သွယ်မှုဆိုင်ရာများ ကြုံတွေ့နေရသည့် လက်ရှိအခြေအနေကို အခွင့်အရေး တစ်ခု အဖြစ် အသုံးချနိုင်ရေးအတွက် အရည်အသွေးမြင့်ပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်သော ထုတ်ကုန်များကို အလေးထား ထုတ်လုပ် ကြရန် လိုကြောင်း၊ ပြည်တွင်း ဈေးကွက်ဝေစု ရရှိရေးသာမက ပြည်ပပို့ကုန်အနေဖြင့် ဒေသတွင်း နှင့် နိုင်ငံတကာဈေးကွက်အထိ ဝင်ရောက်ရန် မျှော်မှန်း ကြိုးပမ်းကြစေလိုကြောင်း၊ မေလ(၃၀)ရက်နေ့က မိတ္ထီလာမြို့နယ် ညောင်ပင်သာကျေးရွာရှိ ကောင်းထက်စံ နို့စားနွား မွေးမြူရေး ခြံ ၌ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေးပြောကြားသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် အားပေး ကူညီလျက်ရှိကာ အာဟာရပြည့်ဝပြီး ဈေးနှုန်း ချိုသာသော မွေးမြူရေးထွက်ကုန်များကို ပြည်သူများ ပေါပေါများများစားသုံးနိုင်ကြရန် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် ပြည်တွင်းထုတ် နို့နှင့် နို့ထွက် ပစ္စည်းများအပါအဝင် မွေးမြူရေးကို အခြေခံသည့် ကုန်ချောထုတ်စက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာ ပေါ်ထွန်းလာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် သာစည်မြို့နယ် အောင်သာကျေးရွာ မိုးကြို ချည်မျှင်ရှည်ဝါ အထူးဇုန် ဧက(၂၅၀)စံပြကွင်းရှိ ရွှေတောင်(၁၀) ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှုအားပေးပြီး  တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် မျိုးကောင်းမျိုးသန့်ပွားများ ဖြန့်ဖြူး နိုင်ရေးဆောင်ရွက်ရာတွင် အကျိုးဆောင် တောင်သူများ၏ အရေးပါမှု ၊ ဝါသီးနှံ၏ ဈေးကွက် အလားအလာနှင့် ဝန်ကြီးဌာနက နည်းပညာ  နှင့်လိုအပ်ချက်များ ကူညီ ဆောင်ရွက် ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။

အလားတူ ပျော်ဘွယ်မြို့နယ် ဝါသီးနှံမျိုးသန့်ခြံတွင် ချည်မျှင်ရှည်ဝါ စိုက်ပျိုးချိန် အလိုက် ဝါအထွက်နှုန်းအပေါ် အကျိုး သက်ရောက် မှု လေ့လာခြင်း၊ အရည်အသွေးကောင်း ဝါမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု နှင့် တောင်သူပညာပေးလုပ်ငန်း  ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က တောင်သူများ စီးပွားရေးတွက်ခြေကိုက် သည့် အထွက်နှုန်းနှင့် ဝင်ငွေ ရရှိစေမည့် ဝါမျိုးကောင်း မျိုးသန့်များ တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်ချက်များ၊ ရေမြေရာသီဥတုနှင့် သီးနှံ၏မျိုးဗီဇအရ လိုအပ်သည့် စိုက်ပျိုးရေး သွင်းအားစုများ အလေအလွင့်မရှိ အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေး ကူညီ ဆောင်ရွက် ပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိ သည်။