ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မကွေးတိုင်း ဒေသကြီး၏ သီးနှံစိုက်စွမ်းအား တိုးမြှင့် ရေးကြိုးပမ်း 

                        

         ပြည်တွင်းစားသုံးဆီဖူလုံရေးအပြင် ပြည်ပပို့ကုန်တိုးမြှင့်ရေးကို မျှော်မှန်းကာ အထွက်ကောင်း ၍ အရည်အသွေးမြင့်မားသော ဆီထွက်သီးနှံ မျိုးသစ်များ အသုံးပြု စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တောင်သူများအတွက် တွက်ခြေကိုက်သည့် သီးနှံ အထွက်နှုန်းနှင့် ဝင်ငွေအကျိုးအမြတ် ရရှိစေရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်း အထူးဇုန်များ၊ သီးထပ်၊ သီးညှပ်ဧရိယာများ ပိုင်းခြား သတ်မှတ်ပြီး မိုးနေကြာဧက(၁)သိန်းကျော် ၊ ဆောင်းနေကြာ ဧက (၃)သိန်းခန့်ဖြင့် စုစုပေါင်း နေကြာဧက(၄)သိန်းကျော် တိုးချဲ့ စိုက်ပျိုး သွားမည်ဖြစ်ရာ သက်ဆိုင်ရာ ဌာနများ၊ တောင်သူများအနေဖြင့် ကျရာအခန်း ကဏ္ဍများက ပူးပေါင်းကြိုးပမ်းကြစေလိုကြောင်း၊ မေလ(၂၉)ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့၊ ကံလှကျေးရွာ နေကြာမျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့၊ ကံလှကျေးရွာ တောင်သူ ဦးဇော်မင်း၏ နေကြာမျိုး စေ့ထုတ်စိုက်ခင်းသို့ရောက်ရှိရာ တိုင်းတာဝန်ခံနှင့် မြို့နယ်တာဝန်ခံတို့မှ စပ်မျိုး နေကြာ(ရေဆင်း-၁) မျိုးစေ့ထုတ်စိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ တောင်သူများ၏ဝင်ငွေ တွက်ခြေကိုက်မည့် အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များ အသုံးပြု နိုင်ရေး၊ သွင်းအားစု အရင်းအနှီးရရှိရေးနှင့် နည်းပညာပြန့်ပွားရေးကို အလေးထား ဆောင်ရွက်ကြရန် မှာကြားပြီး တောင်သူများ၏ တင်ပြချက်များ အပေါ် ညှိနိုင်းဖြည့် ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာအုပ်စု တောင်သူ ဦးမျိုးထွန်း၏ နွေစပါး(Drum Seeder)စနစ်ဖြင့် စိုက်ပျိုး ထားသည့် ရွှေမနော်စပါးမျိုး ဧက(၅၀)စိုက်ခင်းသို့ရောက်ရှိပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍  စိုက်ပျိုး ထုတ်လုပ်မှု တိုးတက် စေရေး၊ ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရေး အရည် အသွေးကောင်း သီးနှံမျိုးများ သုံးစွဲနိုင်ရေးနှင့် တန်ဖိုးမြင့်သီးနှံများ စိုက်ပျိုး ထုတ်လုပ် နိုင်ရေး အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းအကောင်အထည် ဖော်ဆောင် ရွက်ကြရန် မှာကြားသည်။ အလားတူ တောင်တွင်းကြီးမြို့နယ်၊ ချောင်းနက်ကျေး ရွာ စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲ၊ ကြံသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ (ကင်ပွန်းတောင်)နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စက်မှုသီးနှံနှင့် နှစ်ရှည်ပင် များသုတေသနဌာနခွဲ ကင်ပွန်းတောင် စိုက်ပျိုးရေး သုတေသန ခြံများသို့ ရောက်ရှိပြီး ကြံစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ရေ၊ မြေဒေသ ရာသီဉတုနှင့် ကိုက်ညီပြီး တောင်သူဝင်ငွေတွက်ခြေကိုက်မည့် ကြံသီးနှံမျိုးများ သုတေသနပြု ထုတ်လုပ် ဖြန့်ဖြူးနေမှု၊ တောင်သူများကို လက်တွေ့သရုပ်ပြ ပညာပေးနေမှု အခြေအနေများကို ခြံတာဝန်ခံများမှ ရှင်းလင်းတင်ပြရာ ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိပြီး ရေရှည်တည်တံ့သည့် အထွက်ကောင်း မျိုးများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူး၍ ပညာပေးလုပ်ငန်းများကိုလည်း ခေတ်စနစ်နှင့်အညီ ပညာပေးဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

အလားတူ မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ရုံး အစည်းဝေးခန်းမတွင် နေကြာစိုက် တောင်သူများ နှင့် တွေ့ဆုံ၍ ပြည်တွင်း စားသုံးသူများ  သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီ စားသုံးနိုင်ရန် နှင့် ဖူလုံရန်၊  ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မှုနေသည့် တောင်သူများ အနေဖြင့် အထွက်ကောင်းမျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ စိုက်စနစ် မှန်ကန်စွာ စိုက်ပျိုးကြမှသာ တောင်သူတစ်ဦးချင်းဝင်‌ငွေတိုးလာမည်ဖြစ်ကြောင်း မှာကြားသည်။ ဆက်လက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန  နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာအနီးရှိ နတ်မောက်ရေလွှဲဆည်သို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ယင်းချောင်းပေါ်တွင်တည်ဆောက်ထားသည့် နတ်မောက်ရေလွှဲဆည်၏ လက်ဝဲမြောင်းမကြီးနှင့်  လက်ယာမြောင်းမကြီးတို့မှ စိုက်ပျိုး ဧရိယာ(၃၆၀၀၀)အား ရေပေးဝေနေမှုအခြေ အနေများကို ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးမှ ဆည်တမံများ ဘေးကင်း လုံခြုံရေး နှင့် ဆည်ရေများ အလေအလွင့် မရှိ အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေး ကြပ်မတ် ဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ ဆည်ရေသောက် ဧရိယာအတွင်းရှိ စိုက်ကွင်းများ တွင် ဒေသရေမြေ ရာသီဥတုနှင့် လိုက်လျောညီထွေပြီး တောင်သူအတွက် ဝင်ငွေရ တွက်ခြေကိုက် သီးနှံများ တိုးတက် ထုတ်လုပ်နိုင်ရေး အတွက် သီးနှံပုံစံများ ချမှတ်ဆောင်ရွက်ကြစေလိုကြောင်းမှာကြားပြီး ရေလွှဲဆည်မှ စိုက်ပျိုးရေ ပေးဝေ နေမှုများနှင့် တမံကြံ့ခိုင်မှုအခြေအနေများကိုကြည့်ရှုစစ်ဆေးအားပေးခဲ့ကြောင်း သိရသည်။