ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နေကြာမျိုးစေ့ထုတ် စိုက်ပျိုးကြမည့် အကျိုးဆောင် တောင်သူများအား ရေဆင်း(၁) စပ်မျိုးနေကြာ မျိုးစေ့များ ထောက်ပံ့ပေးအပ်

စိုက်ပျိုး ရေကို စနစ်တကျ ခွဲဝေမျှတသုံးစွဲခြင်းဖြင့် ဆည်ရေသောက် ဧရိယာ တိုးတက်လာစေမည်ဖြစ်ပြီး (၁)နှစ် သုံးသီး အထိ သီးထပ် စွမ်းအား တိုးတက် စေမည်ဖြစ်၍ ဒေသနေ တောင်သူ အားလုံး၏ အကျိုးစီးပွားအတွက် ရေစီမံခန့်ခွဲ အသုံးချမှုစနစ်ကို လိုက်နာ ကျင့်သုံးရန် လိုကြောင်း၊ သီးနှံ၏သက်တမ်း နှင့် ရေလိုအပ်ချက်ကို တွက်ချက်ပြီး ရာသီ အလိုက် စိုက်ပျိုးမည့် သီးနှံပုံစံရေးဆွဲ ခြင်းကို သက်ဆိုင်ရာ ဌာနများ အချင်းချင်း  ညှိနှိုင်းရေးဆွဲကြရန် လိုအပ်ကြောင်း၊ အလားတူ ရေအသုံးချသူများအဖွဲ့(WUG) နှင့် ရေအသုံးချသူများ အသင်း (WUA)များ အနေဖြင့် ရေအလေအလွင့် အနည်းပါးဆုံးနှင့် အကျိုးရှိရှိ အသုံးပြုနိုင်ရေး အသိပညာ ဖြန့်ဝေခြင်း ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် လိုကြောင်း၊ မေလ(၂၈)ရက်နေ့က ဆဒ္ဒန်ရေလှောင်တမံ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေး ပြောကြားသည်။

            ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ထနောင်းကွင်းကျေးရွာအနီးရှိ ဆဒ္ဒန်ရေလှောင်တမံ ၏ ရေဝင် သိုလှောင် ထိန်းသိမ်းထားရှိမှု၊ ရေသောက်ဧရိယာအတွင်းရှိ စိုက်ပျိုးမြေဧက ၁၀၀၀၀ ခန့်အား ရေပေးဝေနေမှု၊ တမံကြံ့ခိုင်မှုအ‌ခြေအနေများကို ကြည့်ရှု စစ်ဆေးကာ တောင်သူအကျိုးအမြတ်များစေပြီး ဈေးကွက် က လိုအပ်နေသည့် သီးနှံများ စိုက်ပျိုးနိုင်ရေး ကို မြောင်းရင်း မြောင်းဖျား ရေရောက် ရှိမှု ရေသောက်နိုင်မှု အခြေအနေ အလိုက် စီမံဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

              ဆက်လက်၍ စလင်းမြို့နယ်၊ မြောက်ရှားတောကျေးရွာ မိုးနေကြာမျိုးစေ့ထုတ် စိုက်ခင်း နှင့် နှမ်းနေကြာ သီးညှပ် စိုက်ခင်းများ အား ကြည့်ရှုအားပေးပြီး ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ နေကြာမျိုးစေ့ထုတ် တောင်သူများ အား တွေ့ဆုံ၍ သွင်းအားစုများ အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေး နည်းပညာဆိုင်ရာများ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး ဆိုင်ရာများ၊ ဒေသ ရေမြေနှင့် ကိုက်ညီသည့် နေကြာ မျိုးကောင်းမျိုးသန့်များ မျိုးပွားများ ဖြန့်ဖြူးပေး နိုင်ရေး၊ တောင်သူများအတွက် ဝင်ငွေ အကျိုးအမြတ်ရှိစေမည့် သီးနှံအထွက်နှုန်း ရရှိရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ နေကြာမျိုးစေ့ထုတ် စိုက်ပျိုးကြမည့် အကျိုးဆောင်တောင်သူများအား ရေဆင်း(၁) စပ်မျိုးနေကြာ မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ သည်။

နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပွင့်ဖြူ စိုက်ပျိုးရေးသပ္ပံကျောင်း ၏ စာသင်နှစ်အလိုက် သင်ကြား ပို့ချနေမှု အခြေအနေများ ကိုလည်းကောင်း၊ အိပ်ဆောင် စာသင်ဆောင်၊ ထမင်းစားဆောင်များ နှင့် ကျန်းမားရေး လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက် ထားရှိမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ၊ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ ခေတ်မီ နည်းပညာ ရပ်များ နှင့် တွေးခေါ် မြော်မြင်နိုင်စွမ်း တိုးတက်ရေး စဉ်ဆက်မပြတ် လေ့လာအားထုတ်ကြရန် လိုအပ်ချက်များ ၊ ကျောင်းဆင်း မောင်မယ် များက အလုပ်ကိုရှာရန်မလိုပဲ အလုပ်က ပညာရှင်ကို လာရှာရသည် အထိ  ကျွမ်းကျင်မှု အရည်အသွေး ပြည့်ဝသူများ ဖြစ်စေရေး သင်ကြား သင်ယူရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပွင့်ဖြူမြို့နယ် ကံသာကြီး‌ကျေးရွာအုပ်စု တောင်သူ ဦးမျိုးညွန့်ဦး ၏ နွေနှမ်း စံပြ စိုက်ခင်းအား ကြည့်ရှုအားပေးသည်။

ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား တွေ့ဆုံ၍ ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်လိုအပ်ချက်အများဆုံးရှိသည့်  သီးနှံမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရာသီ တစ်ရာသီ နှစ်ရာသီအတွင်း စားသုံးဆီဖူလုံပိုလျှံရေး အတွက် တစ်ဧကချင်း၏ ဆီထွက်နှုန်း မြင့်မား သော နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ နေကြာသီးနှံမျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများကို မျိုးစေ့၊ သွင်းအားစု နှင့် သက်သာ ခွင့်များ၊ စိုက်ပျိုးစရိတ်ချေးငွေများ ရရှိရေးဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ နေကြာပေါ်ချိန် သီးနှံဝယ်ယူရေး နှင့် ဆီကြိတ် ခွဲရေး လုပ်ငန်းအတွက် သက်ဆိုင်ရာ ဆီစက်ပိုင်များ ဆီလုပ်ငန်းရှင်များနှင့် အကြိုညှိနှိုင်းဆောင်ရွက်ထားရှိမှုများ၊ စိုက်ပျိုးရေ ရရှိမှု အပေါ် မူတည်၍ သီးထပ်သီးညှပ်ဧရိယာတိုးချဲ့နိုင်ရေးနှင့် မကွေးတိုင်းဒေသကြီး ၏ စိုက်ပျိုးထုတ်လုပ်မှု စွမ်းအား မြှင့်တင်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီးဌာန နှင့် တိုင်းဒေသကြီး အစိုးရအကြား ဟန်ချက်ညီ စီမံဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။