ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ သတ္တမအကြိမ်မြောက် ကော်ဖီ အရည်အသွေးအကဲဖြတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး

 

မြန်မာနိုင်ငံကော်ဖီအသင်း က ဦးဆောင်ကျင်းပသည့် သတ္တမအကြိမ်မြောက် ကော်ဖီ အရည်အသွေးအကဲဖြတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကို မေလ(၂၈)ရက် နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တော်ခန်းမ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ကျော်မင်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဌ ဦးမျိုးအေး နှင့် အသင်းတာဝန်ရှိသူများ၊ ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီတောင်သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ ကမ္ဘာ့ ကော်ဖီဈေးကွက်၌ နာမည်ကောင်း ရရှိထာသည့် မြန်မာ့ကော်ဖီကို အရေးပါသည့် တန်ဖိုးမြင့် သီးနှံတစ်ခုအဖြစ် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးချုပ်များ နှင့် မြန်မာနိုင်ငံကော်ဖီအသင်း၊ ကော်ဖီလုပ်ငန်းရှင်များ၊ ကုန်ချောပြုပြင် ထုတ်လုပ် သူများ၊ ကော်ဖီ ဖြန့်ဖြူး ရောင်းချသူများ ပါဝင်သောအဖွဲ့ဖြင့် ကော်ဖီသီးနှံထုတ်လုပ်မှု နှင့် ဈေးကွက်ရရှိမှု တိုးတက်ရေးကြိုးပမ်းရာတွင် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးထုတ်လုပ်မှု၊ တင်ပို့ ရောင်းချမှု စသည့် လုပ်ငန်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ကော်ဖီ တောင်သူများ ကော်ဖီလုပ်ငန်း ရှင်များ အနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ကို အကျိုးပြု သော ထောက်ခံချက်အပြည့်အဝ ရရှိပြီး အရည်အသွေးမြင့် မြန်မာ့ကော်ဖီအဖြစ် ကမ္ဘာ့နိုင်ငံများ တွင် ထုတ်ဖော်ပြသနိုင်ရေးနှင့် ဈေးကွက်က လိုလားတောင့်တသည့် ကော်ဖီမျိုး ဖြစ်အောင် အလေးထား စိုက်ပျိုး ထုတ်လုပ် ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဌ ဦးမျိုးအေး က ကော်ဖီ အရည်အသွေး အကဲဖြတ် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနား ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ကျော်မင်း ၊ မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဌ ဦးမျိုးအေး နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တို့က အခြောက်စနစ်ဖြင့် ကော်ဖီထုတ်လုပ်မှုထူးချွန်ဆုရရှိသူများ၊ အစိုစနစ်ဖြင့် ကော်ဖီထုတ်လုပ်မှု ထူးချွန်ဆုရရှိသူများ၊ အခြားနည်းဖြင့် ကော်ဖီ ထုတ်လုပ်မှုထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်ခဲ့ကြပြီး ဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့သည်။

ယခုပြိုင်ပွဲတွင် လုပ်ငန်းရှင်(၂၆)ဦးတို့က စုစုပေါင်း ကော်ဖီ(၄၉)မျိုးကို တင်ပြ ယှဉ်ပြိုင် ကြပြီး လိုင်စင်ရ ပြည်ပပညာရှင်(၂)ဦး၊ လိုင်စင်ရ ပြည်တွင်း ပညာရှင်(၃)ဦးတို့က ပြိုင်ပွဲဝင် များတွင် တင်ပြလာသည့် ကော်ဖီများ၏ အရည်အသွေး အနံ့ အရသာကို နိုင်ငံတကာ စံနှုန်း များနှင့်အညီ မြည်းစမ်းစိစစ်ရွေးချယ်ကြခြင်းဖြစ်ကြောင်း၊ အထူးတန်းဝင်ကော်ဖီများအတွက် ထုတ်လုပ်မှု အမျိုးအစားအလိုက် အဆင့်အမြင့်ဆုံးကော်ဖီဆုများကို ပင်လောင်း၊ ရွာငံ၊ ဟိုပုန်း၊ ပြင်ဦးလွင် နှင့် နောင်ချိုဒေသများမှ ကော်ဖီလုပ်ငန်းရှင်များက ရရှိခဲ့ကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်သည်တော်များသည် ပြင်ဦးလွင် ကော်ဖီဥယျာဉ် သို့ သွားရောက်ကြပြီး ကော်ဖီ သတင်းအချက်အလက် ဝန်ဆောင်မှုဌာနတွင် ခင်းကျင်းပြသထား သည့် မြန်မာ့ကော်ဖီသမိုင်း နှင့် မြန်မာနိုင်ငံတွင် ဒေသအလိုက် စိုက်ပျိုး နိုင်သော ကော်ဖီမျိုးများဆိုင်ရာ မှတ်တမ်းအချက်အလက်များ ကိုလည်းကောင်း၊ ကော်ဖီ ဆိုင်ရာ အသိပညာပေးစင်တာရှိ ကော်ဖီ အကြောင်း သိကောင်းစရာခင်းကျင်း ပြသထားရှိမှု များ၊ ဒေသထွက်ပစ္စည်း အရောင်းဆိုင်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ကော်ဖီ အသင်းဝင် ကော်ဖီလုပ်ငန်းရှင်များ ခင်းကျင်း ရောင်းချလျက်ရှိသည့် ကော်ဖီဆိုင်ငယ်များ၊ အရိပ်ရပင်များ သဘာဝစမ်းချောင်းများဖြင့် စိုက်ပျိုးထားသော မျိုးကွဲအုပ်စုအလိုက် ကော်ဖီ စိုက်ခင်းများကို လည်းကောင်း ကြည့်ရှုလေ့လာခဲ့ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင် ဒီဇင်ဘာ နို့စားနွား မွေးမြူရေးခြံ နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က အစားအစာ ဘေးကင်းလုံခြုံရေး၊ အရည်အသွေးမြင့် နို့ နှင့် နို့ထွက်ပစ္စည်း ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာရေးဆိုင်ရာများကို အားပေးဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။