ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

နေပြည်တော်ကောင်စီနယ်မြေကို   စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး စိမ်းလန်း သန့်ရှင်း တင့်တယ်သော မြို့တော်ဖြစ်စေရေး  ကြိုးပမ်း ဆောင်ရွက်       

                                                                                                               နေပြည်တော်ကောင်စီနယ်မြေ သည် ရေမြေရာသီဥတုအခြေခံကောင်းများ ရှိသကဲ့သို့ စိုက်ပျိုး မွေးမြူရေး ဆိုင်ရာ တက္ကသိုလ်များ၊ ရုံးဌာနများ အခြေစိုက်ရာ ဒေသဖြစ်၍ ပညာရှင် အရင်းအမြစ်များလည်း ပြည့်စုံလျက်ရှိရာ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ဒေသနေပြည်သူများ၏ လူနေမှု အဆင့်အတန်း မြင့်မားရေး နှင့် စိမ်းလန်း သန့်ရှင်း တင့်တယ်သော (Green City ၊ Clean City ၊ Smart City) စံပြမြို့တော်ဖြစ်စေရေး ဆောင်ရွက်နေမှုအပေါ် နယ်မြေ အလိုက် ၊ လုပ်ငန်းကဏ္ဍအလိုက် စီမံချက်များ ချမှတ်ပြီး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်း မေလ(၂၂)ရက်နေ့ က တပ်ကုန်းမြို့နယ်၊ မုန်ရေထိန်းတမံ ၌ ဌာနဆိုင်ရာ များ၊ ဒေသနေ တောင်သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ဆွေးနွေးပြောကြားသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ကန်ကြီးကျေးရွာအနီးရှိ မုန်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် မုန်ရေထိန်းတမံ ၏  ရေဝင်ရောက်မှု ၊ စိုက်ပျိုးရေ ပေးဝေနေမှု၊ တမံကြံ့ခိုင်မှုအ‌ခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ ဆည်တမံများအားလုံး သန့်ရှင်းသာယာလှပပြီး အပန်းဖြေ ဒေသများ ဖြစ်စေရေး အဆင့်မြှင့်တင် ဆောင်ရွက်ရန်လိုအပ်ချက်များ ၊ ဆည်ရေသောက် ဧရိယာအတွင်း သီးနှံစိုက်စွမ်းအား မြှင့်တင်ပေးရန် ၊ ရေအသုံးချသူအဖွဲ့(WUG)များ စနစ်တကျဖွဲ့စည်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

စိုက်ပျိုးမြေဧက (၄၀၀၀)ကျော်ကို အကျိုးပြုလျက်ရှိသည့် မုန်ရေထိန်းတမံ အပါအဝင် နေပြည်တော်ကောင်စီနယ်မြေ ရှိ ရေလှောင်တမံဆည်ကန်စုစုပေါင်း (၃၂)ခု မှ စုစုပေါင်း စိုက်ပျိုးမြေ ဧက(၇၅၀၀၀)ကျော်ကို အကျိုးပြုလျက်ရှိပြီး ဆည်ရေသောက် ဧရိယာများအတွင်း စနစ်ကျ လယ်ယာ မြေ ဧက (၁၀၀၀၀)ကျော် ဖော်ထုတ်စိုက်ပျိုးလျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ မိုးသီးနှံ အဖြစ် စပါး၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံအပါအဝင် သီးနှံစုံစုစုပေါင်း ဧက (၃၃၄၀၀၀)ကျော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

မနက်ပိုင်းတွင်      ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့၊ ညောင်တုံးအိုင်ကျေးရွာအုပ်စု၊ တရော်ပင်ကျေးရွာ နွေစပါး တစ်ဧက တင်း(၁၂၀) အထက် ထွက်ရှိရေး စံပြကွင်း ၏ စိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ရွက်ဖျန်းမြေသြဇာ စုပေါင်းပက်ဖျန်းနေမှုတို့ကို ကြည့်ရှုအားပေးပြီး၊ တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ သီးနှံမျိုးကောင်းမျိုးသန့်ရွေးချယ်အသုံးပြုရန် လိုအပ်ချက်များ၊ ခေတ်မီစိုက်ပျိုးနည်းစနစ် များ လိုက်နာကျင့်သုံးရေး နှင့် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာများ အချိုးညီမျှတစွာ သုံးစွဲရန် လိုအပ်ချက်များနှင့် တောင်သူတစ်ဦးချင်း၏ ဝင်ငွေတိုးတက်ရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေး တို့အတွက် တောင်သူ ပုဂ္ဂလိကနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

အလားတူ ဒုတိယဝန်ကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် တပ်ကုန်းမြို့၊ ကံကြီး မွေးမြူရေးဇုန် သို့ ရောက်ရှိကြပြီး မွေးမြူရေး တောင်သူများ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြေယာအသုံးချမှုများ ကို တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရေး၊ တိရစ္ဆာန်ကူးစက်ရောဂါကြိုတင် တားဆီးကာကွယ်ရေးနှင့် တိရစ္ဆာန်အစားအစာဖူလုံရေး၊  အရင်းအနှီး နှင့် နည်းပညာရရှိရေးအတွက် သက်ဆိုင်ရာများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးရန်လိုအပ်ချက်များ၊ စျေးကွက်ဖော်ဆောင်ပေးနိုင်ရန် နှင့် တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။