ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၏ အငြိမ်းစား ဆရာကြီး ဆရာမကြီးများ အား ပူဇော်ကန်တော့ပွဲ (၂၃)ကြိမ်မြောက် အခမ်းအနားကျင်းပ

 

စိုက်ပျိုးရေးဘွဲ့ရများအသင်း(AUAA)က ဦးဆောင်ကျင်းပသော (၂၃)ကြိမ်မြောက် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် အငြိမ်းစား ဆရာကြီး ဆရာမကြီးများ အား ပူဇော် ကန်တော့ပွဲအခမ်းအနားကို မေလ(၂၁)ရက် နံနက်ပိုင်းက နေပြည်တော် ရေဆင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာန နဝရတ်ခန်းမ ၊ ရန်ကုန် နှင့် မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမများတွင်  တစ်ပြိုင်တည်း ကျင်းပ ပြုလုပ်ရာ ကန်တော့ခံ အငြိမ်းစား ဆရာကြီး ဆရာမကြီးများ ၊ ကျောင်းသား ကျောင်းသူဟောင်းများ နှင့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး ၊ အခမ်းအနားသို့ လူကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိသည့်  ကန်တော့ခံ အငြိမ်းစား ဆရာကြီး ဆရာမကြီးများက အွန်လိုင်းစနစ်ဖြင့်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး တက္ကသိုလ် မှ ကွယ်လွန်သူ ဆရာကြီး ဆရာမကြီးများ၊ ကျောင်းဆင်းကျောင်းသားကျောင်းသူဟောင်းများ ကို ရည်စူးပြုလုပ်သော ကုသိုလ်ကောင်းမှု ဗီဒီယိုမှတ်တမ်းကို တင်ဆက်ပြသပြီး (၁)မိနစ်ခန့် ငြိမ်သက်ကာ ဆုတောင်းမေတ္တာပို့သကြသည်။ဆက်လက်၍ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် ရေးစပ်သီကုံးသော စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ ထပ်တွန့်သုံးချက်ညီ ရှစ်ဆယ်ပေါ်တေးထပ် ဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားရာ တွင် အမိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ကြီး က မွေးဖွားပေးလိုက်သည့် ဘွဲ့ရများအနေဖြင့် နိုင်ငံတကာ တက္ကသိုလ်များမှာ ရာနှုန်းပြည့်အောင်မြင်စွာ မဟာသိပ္ပံဘွဲ့ ပါရဂူဘွဲ့များ ရရှိခဲ့ကြခြင်းသည် တက္ကသိုလ်၏ အရည်အသွေးမြင့်မားမှု၊ ဆရာကြီး ဆရာမကြီးများ ၏ ကြီးမြတ်သောပညာဂုဏ် နှင့် တပည့်များအပေါ်ထားရှိသည့် မေတ္တာ ဂရုဏာ စေတနာများ ကြောင့်ဖြစ်ပါကြောင်း၊  သို့ပါ၍ ယနေ့ အခမ်းအနားမှာ မေတ္တာ ဂရုဏာ စေတနာ ကျေးဇူးများ နှင့် အာစရိယဂုဏ် ကို ပူဇော် ကန်တော့ကြရမှာဖြစ်ကြောင်း၊ အငြိမ်းစား ဆရာကြီး ဆရာမကြီး များ ၊ အထူးသဖြင့် အသက်အရွယ်ကြောင့် သွားလာရခက်ခဲသော ဆရာကြီး ဆရာမကြီးများ ကို အွန်လိုင်းမှ ပူဇော် ကန်တော့ခွင့် ရရှိသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ဆရာ နှင့် တပည့် ရင်းနှီး နွေးထွေးသော ဆက်ဆံမှုကို အရင်းခံသော ထူးခြားလှ သည့် မြန်မာတို့၏ မြတ်နိုးဘွယ် ရိုးရာ ယဉ်ကျေးမှု တစ်ရပ်လည်းဖြစ်သည့် အာစရိယပူဇော်ပွဲဓလေ့ထုံးတမ်းကို ရေရှည်တည်တံ့စေရေး အတွက် မျိုးဆက်သစ်များအနေဖြင့် လက်ဆင့်ကမ်း ကျင့်သုံး သွားကြရန် တိုက်တွန်း ပါကြောင်း ဖြင့် ပြောကြားသည်။

၎င်းနောက် အခမ်းအနားအခြေပြုကျင်းပရာ နဝရတ်ခန်းမ မှ တက်ရောက်နေကြသော အငြိမ်းစား ဆရာကြီး ဆရာမကြီးများ ၊ ရန်ကုန် နှင့် မန္တလေး ရှိ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေး ခန်းမများ မှ တက်ရောက်နေကြသော အငြိမ်းစား ဆရာကြီး ဆရာမကြီးများ၊ သီးခြားအစီအစဉ်ဖြင့် အွန်လိုင်မှတက်ရောက်နေသော အငြိမ်းစား ဆရာကြီး ဆရာမကြီးများအား တစ်ဦးချင်းမိတ်ဆက် ၍ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြ သည်။

ဆက်လက်၍  အငြိမ်းစား ဆရာကြီး ဆရာမကြီးများအတွက် ကန်တော့ငွေ နှင့် ကျန်းမာရေးစောင့်ရှောက်မှု ငွေပဒေသာပင်များကို ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိ သူများက ပေးအပ်ခဲ့ကြသည်။

ယနေ့အခမ်းအနား တွင် အငြိမ်းစား ဆရာကြီး ဆရာမကြီး(၁၃၀)ဦးအား တပည့်များ က ကန်တော့ချိုးဖြင့်ပူဇော်ကန်တော့ကြရာ ဆရာကြီး ဦးသန်းအောင် ၊ ဒေါက်တာ သန်းသန်းရှိန် နှင့် ဒေါက်တာတင်ထွဋ် တို့က ဆရာကြီး ဆရာမကြီးများကိုယ်စား ဩဝါဒနှင့် ဆုပေးစကားများ ပြောကြားပြီး အခမ်းအနားဖြစ်မြောက်ရေးအဖွဲ့ကိုယ်စား ညွှန်ကြားရေး မှူးချုပ် ဦးကျော်ဆွေလင်း က ကျေးဇူးတင်စားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။