ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

 ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ပျဉ်းမနားမြို့နယ် နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်အားပေး

နေပြည်တော် ကောင်စီနယ်မြေ အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုကိန်းဂဏန်း အချက်အလက်များ မှန်ကန်စေရေး ၊ လယ်ယာမြေ အသုံးချမှု မှန်ကန်ရေး ၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေ နှင့် သွင်းအားစုများ အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးတို့အတွက်  သက်ဆိုင်သူ အားလုံး တို့က ပူးပေါင်းပါဝင်ဆောင်ရွက် ကြစေလိုကြောင်း၊ မေလ (၁၉)ရက် နံနက် ပိုင်းက နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၆၃) တွင်ကျင်းပသည့် နွေစပါး စံကွက် ရိတ်သိမ်းပွဲ အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမောင်မောင်နိုင် ၊ စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊  ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ၊ နေပြည်တော်ကောင်စီဝင်များ ၊  ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် ဒေသနေ တောင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တို့က နွေစပါးသီးနှံ စံကွက် ရိတ်သိမ်း ရာ တွင် ဝန်ကြီးဌာန၏ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ချိန်တွယ်တွက်ချက်မည့် ပစ္စည်းကိရိယာဆိုင်ရာများ၊ စံကွက် ရိတ်သိမ်း တွက်ချက်မှုအဖွဲ့တွင် ဌာနအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အခမ်းအနားတက်ရောက်လာကြသူများက နွေစပါး စံကွက်ရိတ်သိမ်းခြင်း နှင့် စံကွက်အထွက် တိုင်းတာမည့်ပစ္စည်းကိရိယာများအား ကြည့်ရှုစစ်ဆေး ကြသည်။

ယနေ့ စံကွက်ရိတ်သိမ်းပွဲကျင်းပသည့် နွေစပါးမှာ GW-11 စပါးမျိုးကို တစ်ကွင်းတစ်စပ်တည်း ဧက (၃၅၀)စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး စံကွက် ရိတ်သိမ်း တွက်ချက်မှုအရ တစ်ဧကလျင် စပါးအခြောက် ၁၄၃.၈၄ တင်းနှုန်း ထွက်ရှိကြောင်း၊ အဆိုပါ စပါးမျိုးမှာ တောင်သူကိုယ်တိုင် မျိုးထိန်း မျိုးချန် စိုက်နိုင်သည့် အထွက်ကောင်း စပါးမျိုး ဖြစ်ကြောင်း သိရသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး၌ မိုးစပါး ဧက(၂.၄)သန်း စိုက်ပျိုးခဲ့ပြီး၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်တွင် မိုးစပါး ဧက(၂၈၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထား ဧကထက်  ဧက(၉၀၀၀)ခန့် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စက်သုံးဆီ နှင့် စိုက်ပျိုးရေး သွင်းအားစုများ ဈေးနှုန်းကြီးမြင့်မှု အခက်အခဲများရှိခဲ့သော်လည်း တောင်သူကြီးများ၏ ဇွဲ လုံ့လ စိုက်ထုတ်မှု ၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုမှု၊ မြေယာပြုပြင်စိုက်ပျိုးမှုနှင့် ရေရရှိမှုအခြေအနေများကြောင့် ယခုကဲ့သို့ အထွက်နှုန်းများ မြင့်မားစွာထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထွက်ရှိလာသည့် သီးနှံများ ဈေးကောင်း ရရှိနေမှုကြောင့် လာမည့် စိုက်ပျိုးရာသီများတွင်လည်း  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မည်ဟု မျှော်မှန်း ထားကြောင်း၊ အရင်းအနှီး ထုတ်လုပ်မှုစရိတ်ကို ကာမိပြီး တောင်သူ အကျိုးအမြတ်ရရှိစေရန် အထွက်နှုန်းကောင်း၊ ဈေးကောင်းရ သည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးကိုလည်း သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် တောင်သူများပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။