ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဇီဝနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖြင့် လယ်ယာကဏ္ဍ ၏ ကုန်ထုတ် စွမ်းအားမြှင့်တင်နိုင်ရေး ကြိုးပမ်း

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝနည်းပညာ (Biotechnology) ဆိုင်ရာ အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှိပြီးအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုခြင်းအပြင် ဆန်းသစ်တီထွင်ခြင်းများကို ဦးစားပေး အလိုက် ဆောင်ရွက်ရန် လုပ်ငန်းများ သတ်မှတ်၍ တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း၊ တစ်ချိန်တည်းတွင် လယ်ယာ ကဏ္ဍ ၏ ကုန်ထုတ် စွမ်းအားမြှင့်တင်နိုင်ရန် လယ်ယာ ကဏ္ဍ အဆင့်-၄ (Agriculture 4.0) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ မေလ (၁၈)ရက် နံနက်ပိုင်း က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ရှိ အပင်ဇီဝနည်းပညာဗဟိုဌာန ၏ ဇီဝနည်းပညာလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များအား စိုက်ပျိုးရေး ဦးစီးဌာန ၊ အပင်ဇီဝနည်းပညာဗဟိုဌာန တာဝန်ခံ က အခြေခံဇီဝနည်းပညာ အသုံးပြု အပင်တစ်သျှူးမွေးမြူခြင်းလုပ်ငန်းများ၊ သီးနှံ၏မျိုးဗီဇကို DNA နည်းပညာဖြင့် မှတ်တမ်းတင်ခြင်း၊ သီးနှံမျိုးများအဆင့်မြှင့်တင်ခြင်းနှင့် မျိုးသစ်ထုတ်လုပ်ခြင်း၊ ခေတ်မီ ဇီဝနည်းပညာ အသုံးပြုခြင်း၊ ပညာရှင်ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း စသည့် ဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှုများ နှင့် ဘဏ္ဍာနှစ်အလိုက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာ၌ အပင်ဇီဝ နည်းပညာဗဟိုဌာန ကို အမျိုးသားအဆင့်သို့ ရောက်ရှိ အောင် ရေရှည်အတွက် မျှော်မှန်း ဆောင်ရွက်ရန် ၊ တည်တံ့ဖွံ့ဖြိုးသော လုပ်ငန်းဖြစ်စေရန် ပညာရှင်ဝန်ထမ်းများအတွက် အခွင့်အလမ်း သစ်များ ဖော်ဆောင်ပေးရန် ၊ ခိုင်မာသော ဖွဲ့စည်းပုံဖြစ်စေရန် နှင့် ကျွမ်းကျင် သော လူစွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရန် လိုအပ်ချက်များ ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ နည်းပညာရပ်ဆိုင်ရာ အတွေ့အကြုံဖလှယ်ရေး လုပ်ငန်းများ ဆောင်ရွက် ရန် လိုအပ် ချက်များကို ဆွေးနွေး မှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ဇီဝနည်းပညာလုပ်ငန်း ဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် အပင်ဇီဝနည်းပညာဗဟိုဌာန တာဝန်ရှိသူများက ရှင်းလင်း ပြသခဲ့ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် တိုင်းဟိ သဘာဝဇီဝမြေဩဇာစက်ရုံ သို့ရောက်ရှိကြပြီး မွေးမြူရေးတိရစ္ဆာန်များက စွန့်ပစ်သည့် အညစ်အကြေးများကို အဓိက အသုံးပြု၍ ဂျပန်နည်းပညာဖြင့်ထုတ်လုပ်နေသော သဘာဝမြေဩဇာ ထုတ်လုပ်နေမှုများ အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်ကြမ်း စုဆောင်းရရှိမှု သဘာဝမြေဩဇာ ထုတ်လုပ်နေမှုနှင့် ဈေးကွက်အတွင်း တင်ပို့ ရောင်းချပေး နေမှုတို့ကိုရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က တောင်သူ့အတွက် အကျိုးရှိစေမည့် အရည် အသွေးကောင်း သဘာဝမြေဩဇာများ ဈေးနှုန်း ချိုသာစွာ တိုးတက်ထုတ်လုပ် ဖြန့်ဖြူး နိုင်ရေး လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ညောင်နှစ်ပင် ဟင်းသီး ဟင်းရွက် အထူးစိုက်ပျိုးထုတ်လုပ်ရေးဇုံ ၏ စိုက်ပျိုးရေ အပြည့်အဝရရှိရေး အတွက် ကလိထော်ဆည် နှင့် ငမိုးရိပ်ဆည်များမှရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု တို့ကို ကြည့်ရှု စစ်ဆေးပြီး ကျေးရွာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တောင်သူများ ပါဝင်သော ရေအသုံးချသူအဖွဲ့(WUG)ဖွဲ့စည်း၍ ရေပေးမြောင်းမကြီး ထိန်းသိမ်းခြင်း၊ စိုက်ပျိုးရေ အလေအလွင့်မရှိ မျှတစွာ သုံးစွဲနိုင်ရေး နှင့် ရေသွယ်မြောင်းများကို ရေအသုံးချသူများက တာဝန်ယူ၍ စနစ်တကျ အသုံးပြုခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။