သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မန္တလေးတိုင်းဒေသကြီး ၌ ယခုနှစ် မိုး နှင့် မိုးနှောင်းစိုက်ပျိုးရာသီအတွင်း ဝါမျိုးကောင်းမျိုးသန့် မျိုးပွားဧက(၁၀၀၀၀) စိုက်ပျိုးထုတ်လုပ် သွားမည်

         မန္တလေးတိုင်းဒေသကြီး ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုစီမံချက် အကောင်အထည်ဖော် ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/ ၂၀၂၂)ကို မေလ(၁၀)ရက်နေ့ နံနက်ပိုင်း က  အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများ၊ ခရိုင် မြို့နယ် ဦးစီးမှူးများ နှင့် ဝါသီးနှံတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာရဲတင့်ထွန်း က သီးနှံ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စာရင်းဇယားများတွင် ဖော်ပြသည့် ကိန်းဂဏန်းများ တိကျ ခိုင်မာမှု ရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ဝါစိုက်ပျိုးထုတ်လုပ်မှု နှင့် ဝါဈေးကွက် သတင်း အချက် အလက်များအား တောင်သူများထံ ရောက်ရှိရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာနယ်ပယ်အလိုက် နည်းပညာများကို ကျွမ်းကျင် ပိုင်နိုင်မှု ရှိစေရေး စွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းများ ဆွေးနွေးပွဲများ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရင်းအမြစ်တစ်ခုဖြစ်သည့် မျိုးစေ့စီးဆင်းမှု မှန်ကန်စေရန်နှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ယခုကျင်းပသည့် မန္တလေးတိုင်းဒေသကြီး ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုစီမံချက် အကောင် အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှု ကော်မတီများဖွဲ့စည်း တာဝန်ပေးအပ်ခြင်း၊ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဝန်ကြီး ဌာန ၏ မူဝါဒ နှင့် လမ်းညွှန်ချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဝါသီးနှံ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး(၄)နှစ် စီမံချက် နှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း နှစ်စဉ် ဝါသီးနှံ ဧက တစ်သိန်းကျော် စိုက်ပျိုးထုတ်လုပ် လျက် ရှိနေသော်လည်း ပြည်တွင်း အဝတ်အထည်ထုတ်လုပ်မှုအတွက် လိုအပ်နေသည့် ချည်မျှင် ကုန်ကြမ်း ဖြည့်ဆည်းပေးနိုင်ရန် ဝါစိုက်ဧကတိုးချဲ့ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး လုပ်ငန်းများ ကို စိုက်ပျိုးရေးဦးစီးဌာန က ကြိုးပမ်းလျက်ရှိရာ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ဝါမျိုးကောင်းမျိုးသန့် ဖူလုံစွာ သုံးစွဲနိုင်ရန် ဒေသနေ ဝါတောင်သူများနှင့်ပူးပေါင်း၍ ယခုနှစ် မိုးရာသီနှင့် မိုးနှောင်းကာလများတွင် ဝါအထူးဇုန် ဧက(၁၀၀၀၀) ၌ ဝါမျိုးကောင်းမျိုးသန့် မျိုးပွားစိုက်ပျိုးထုတ်လုပ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။