သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ပြင်ဦးလွင်မြို့ ၌ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာ ပေးသင်တန်း ဖွင့်လှစ်

ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနည်းပညာပေးသင်တန်း ကို ဧပြီလ(၂၉)ရက်နေ့ မှ (၃၀) ရက်နေ့အထိ ပြင်ဦးလွင် ကော်ဖီသုတေသနနှင့်နည်းပညာပြန့်ပွားရေးဗဟိုဌာန ၌ ကျင်းပခဲ့သည်။

ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံ ဌာနခွဲ က ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကများ၊ တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခု ဖွင့်လှစ်ခဲ့သည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနည်းပညာပေးသင်တန်း တွင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သင်တန်းသား(၂၂)ဦး အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံး၊ မြင်းကျဒိုး၊ ရွာငံ၊ ပင်းတယ၊ ကရင်ပြည်နယ်၊ သံတောင်မြို့ (လိပ်သို)၊ ချင်းပြည်နယ်၊ ရိဒ်မြို့ များမှ သင်တန်းသူသင်တန်းသားစုစုပေါင်း(၄၈)ဦးတို့ တက်ရောက် လေ့လာခဲ့ကြသည်။

သတင်တန်း၌ ပြင်ဦးလွင် ကော်ဖီခြံများတွင် အများဆုံး ကျရောက် လျက်ရှိသော ပင်စည်ထိုး ပိုးအဖြူ အပါအဝင် ကော်ဖီပင်၏ ပင်စည်၊ ကော်ဖီပင်စည်ထိုးပိုး အမျိုးမျိုးနှင့် ကာကွယ်နှိမ်နင်း နည်းများ၊ အသီးခူးရာသီပြီးနောက် ပန်းမပွင့်မီအချိန်ဖြစ်သော(မတ်လ မှ မေလဆန်း အတွင်း) သဘာဝအရ ဖူးသစ် ရွက်သစ် ထွက်စအချိန်တွင် ပြုလုပ်ပေးသင့်သည့် အသီးခူးရာသီ ကုန်ဆုံးပြီး နောက် ကော်ဖီပင်အား ကိုင်းဖြတ်ပုံသွင်းပြုပြင်နည်းများ ကို ကော်ဖီ-ရာသီသီးနှံဌာနခွဲ ပညာရှင်များ က စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြကြောင်း ၊ သင်တန်း တက်ရောက်လာကြသူများအား ကော်ဖီပင်ကိုင်းဖြတ်ပြုပြင်ပုံသွင်း ကိရိယာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။