လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့် ပညာပေးရေးသင်တန်းကျောင်း ပင်မအုပ်ချုပ်မှု အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကို မေလ (၃)ရက်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ်ရှိ အဆိုပါ သင်တန်းကျောင်း အဆောက်အဦရှေ့၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီး ဝန်ကြီးများ ၊ ရန်ကုန်မြို့တော်ဝန် ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ ယခင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အငြိမ်းစား ဝန်ထမ်းကြီးများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
အခန်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတကာ တွင် ကက်ဒက်စတာ မြေတိုင်းတာခြင်း (Cadastral Surveying) ၊ မြေယာ အုပ်ချုပ် စီမံခြင်း (Land Administration) ၊ မြေယာ သတင်းအချက်အလက်စနစ် (Land Information System) နှင့်ပတ်သက်သည့် နည်းပညာများ၊ အတတ်ပညာများ၊ နည်းစနစ်များ၊ ပစ္စည်း ကိရိယာများ အလျင်အမြန် တိုးတက်လျက် ရှိသည်နှင့်အညီ မိမိတို့နိုင်ငံတွင်လည်း တည်ဆဲဥပဒေများနှင့် ညီညွတ်စေပြီး ခေတ်မီတိုးတက်မှုရှိသော မြေစာရင်း ဖွံ့ဖြိုးမှုဆိုင်ရာ သင်ကြားမှုလုပ်ငန်းများ အဆင့် မြှင့်တင်ရေး ကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ မြေယာအုပ်ချုပ် စီမံမှု ဆိုင်ရာ သက်မွေးပညာသင်တန်းများ နှင့် နည်းပညာရပ်ဆိုင်ရာဘွဲ့သင်တန်းများ တိုးချဲ့ဖွင့်ပေး နိုင်ရေး ကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း၊ လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းကိန်းဂဏန်း အချက် အလက်များ မှန်ကန်စွာ ထုတ်ပြန်တင်ပြနိုင်မှသာ နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဆိုင်ရာ မူဝါဒနှင့် ဆုံးဖြတ်ချက်များချမှတ်ရေး၊ စီးပွားရေးတိုးတက်နှုန်း GDP မှန်ကန်စွာ တွက်ချက် နိုင်ရေးတို့ကို ဆောင်ရွက် နိုင်မည်ဖြစ်ရာ အလွန်အရေးကြီးသည့် တာဝန် တစ်ခုဖြစ်သည့်အတွက် အဆင့်အတန်းမှီ စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး ကို ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့် ပညာပေးရေးသင်တန်းကျောင်း နှင့် တာဝန်ရှိသူ အားလုံးတို့က ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ သည် အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့် ပညာပေးရေး သင်တန်းကျောင်း ပင်မအုပ်ချုပ်မှု အဆောက်အဦ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်း ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
အခမ်းအနား ဒုတိယပိုင်းဖြစ်သော ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့် ပညာပေးရေး သင်တန်း ကျောင်း ပင်မအုပ်ချုပ်မှုအဆောင် (ဌာနချုပ်ရုံး) ဖွင့်ပွဲအခမ်းအနားတွင် လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းကျောင်းအုပ်ကြီး တို့က သင်တန်း ကျောင်း ဆိုင်ရာများကိုရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြား ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန အမှုထမ်း၊ အရာထမ်းများ အနေဖြင့် သင်တန်းကာလ (၆)လ ခန့်စီ ကြာမြင့်သည့် တန်းမြင့် မြေတိုင်းတာခြင်းနှင့်မြေစာရင်းသင်တန်း၊ လုပ်ငန်းခွင် မြေတိုင်းတာခြင်းနှင့်မြေစာရင်းသင်တန်းများ၊ သင်တန်းကာလ (၁) နှစ် ရှိ အရာရှိ မြေတိုင်း တာခြင်း သင်တန်းများကို ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့် ပညာပေးရေး သင်တန်း ကျောင်း တွင် မဖြစ်မနေ တက်ရောက် ကြရကြောင်း၊ အဆိုပါသင်တန်းများအပြင် လုပ်ငန်းပိုင်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းများ၊ လုပ်ငန်းခွင် မွမ်းမံ သင်တန်းများ၊ ကွန်ပျူတာ ၊ GPS၊ မြေတိုင်းကိရိယာများ အပါအဝင် ခေတ်မီမြေတိုင်းတာကိရိယာများ ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြု နိုင်ရန်အတွက် မွမ်းမံသင်တန်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်းသိရသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း နှင့် တာဝန်ရှိ သူများသည် မှော်ဘီမြို့နယ်၊ မြို့ချောင်း ကျေးရွာအနီးရှိ ကန်ကလေးလျှပ်စစ် မြစ်ရေတင်လုပ်ငန်းခွင်သို့ရောက်ရှိကြပြီး ရန်ကုန်မြို့ရေပေးဝေရေးနှင့် စိုက်ပျိုးရေပေးဝေမှု ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် နှင့် တာဝန်ရှိ သူများက ရန်ကုန်မြို့ရေပေးဝေရေးအတွက် အကျိုးပြုနေမှုနှင့် ရေသောက်ဧရိယာအတွင်းရှိ စိုက်ပျိုးမြေများသို့ ရေပေးဝေနေမှု အခြေအနေများကို တင်ပြ ကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ရန်ကုန်မြို့ရေပေးဝေရေးအတွက် နေ့စဉ် ရေဂါလံ သန်း ၆၀ ပို့လွှတ်ပေးနိုင်ရေး၊ ရေသောက် ဧရိယာ ကို မူလ(၅၀၀)ကျော်မှ ဧက (၃၀၀၀)ခန့် အထိ စိုက်ပျိုးရေတိုးတက်ပေးဝေနိုင်ရေး၊ မှော်ဘီမြို့ မြန်မာ့ဆန်စပါး သုတေသန ဌာန နှင့် လှပဒါးစိုက်ကွင်းများ သို့ စိုက်ပျိုးရေ ဖြည့်ဆည်းပြီး သီးထပ်(၂)သီး အပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် ရေသွင်း၊ ရေထုတ်မြောင်းများ ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေး မှာကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီး ဝန်ကြီးတို့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ လှိုင်မြစ်-လှော်ကားရေအားဖြည့်စီမံကိန်းသို့ ရောက်ရှိကြပြီး ရန်ကုန်မြို့နေပြည်သူမျာအတွက် အဓိကသောက်သုံး ရေပေးဝေလျက်ရှိသည့် လှော်ကား ရေလှောင်ကန် သို့ ရေကူဖြည့်သွင်းပေးနေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိ သူများ က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း တို့ ပူးပေါင်း၍ ရန်ကုန်မြို့သောက်သုံးရေ ပေးဝေရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် မှော်ဘီမြို့ မြန်မာ့ ဆန်စပါး သုတေသနဌာန နှင့် လှပဒါးစိုက်ကွင်းများ သို့ သွားရောက်၍ တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ မျိုးထိန်း ၊ မျိုးပွားလုပ်ငန်းများ၊ တောင်သူအကျိုးရှိစေမည့် လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန နှင့်ပူးပေါင်း၍ ရေအသုံးချမှုသုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်၊ ဓါတ်မြေ ဩဇာများကို ဒေသအလိုက် သီးနှံအလိုက် အကျိုးအရှိဆုံး အသုံးပြုနိုင်မည့် သုတေသန လုပ်ငန်းများ၊ နည်းပညာနှင့် သွင်းစုအပြည့်အဝအသုံးပြုသည့် သီးနှံအထွက်နှုန်းနှင့် တောင်သူ လက်တွေ့စိုက်အထွက်နှုန်း နှိုင်းယှဉ် သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။