ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ မွန်ပြည်နယ် ၏ လယ်ယာကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်

 နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး နှင့် လယ်ယာကဏ္ဍဆိုင်ရာပို့ကုန်များ တိုးတက် ထုတ်လုပ် နိုင်ရေး အတွက် စိုက်ပျိုး မွေးမြူရေး ဆိုင်ရာ နည်းပညာ အသိပညာဖြန့်ဝေခြင်း နှင့် ဝန်ဆောင်မှု များကို အဓိကတာဝန်ယူထားသည့် မိမိတို့ဝန်ကြီးဌာနရှိ နိုင်ငံဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာလျက် မိမိတို့ တာဝန်ယူထားကြသည့် သက်ဆိုင်ရာ ကဏ္ဍများ အလိုက် တာဝန်ကျေပွန်စွာဖြင့် လုပ်ငန်းများ ထိရောက်အောင်မြင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊မေလ (၃)ရက်၊ မွန်းလွဲပိုင်းက မွန်ပြည်နယ် အတွင်းရှိ ပြည်နယ် ခရိုင် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။

မွန်ပြည်နယ် ၏ လယ်ယာကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိသော ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် တောင်သူလယ်သမားများ ပုဂ္ဂလိကလုပ်ငန်းရှင်များ ၏ လိုအပ်ချက်များ အပေါ် တည်ဆဲ ဥပဒေများနှင့်အညီ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန အသီးသီး၏ စွမ်းဆောင်ရည် တိုးတက်စေရေး နှင့် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ဆိုင်ရာ များကို သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့၊ ရွှေနတ်တောင်ဆည် ၏ ရေသိုလှောင် ထိန်းသိမ်း ထားရှိမှုနှင့် ဒေသသောက်သုံးရေ အကျိုးပြုနေမှု၊  နိုင်ငံတကာအဆင့်မီ  အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း နှင့် လေယာဉ်ကွင်းသစ် တည်ဆောက်ရေး စီမံကိန်းဆောင်ရွက်ရာတွင် စီမံကိန်း ဧရိယာနှင့် မလွတ်ကင်းသည့် ချောင်း နှင့် တူးမြောင်းများ ရေလမ်းကြောင်းလွှဲခြင်း လုပ်ငန်းများ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရွှေနတ်တောင်ဆည်မှ သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်ရေး၊ နွေစပါးရေပေးဝေနိုင်ရေး၊ ရေလှောင်ပမာဏ တိုးမြင့်နိုင်ရေးတို့အတွက် စီမံချက်ရေး ဆွဲတင်ပြရန် ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

အလားတူ ပုဂ္ဂလိက အအေးခန်းစက်ရုံသို့ သွားရောက်၍ ငါးပုတ်သင်၊ ငါးမုတ်များအား GACC ၏ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ထုတ်လုပ်နေမှု၊ သိုလှောင်ထားရှိမှု နှင့် တင်ပို့မှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ကုန်ကြမ်းများရရှိရေး၊ ဈေးကွက်တိုးချဲ့ရေး ဆိုင်ရာကိစ္စရပ်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။