ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပူတာအိုဒေသ စားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာစီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျွမ်းကျင်သူများ ပါဝင်သော အဖွဲ့တစ်ဖွဲ့ဖြင့် ကွင်းဆင်းလေ့လာပြီး စီမံကိန်းရေးဆွဲ ဆောင်ရွက်မည်

ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး နှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် နိုင်ငံတော် က မူဝါဒများ ချမှတ်ပြီး ကဏ္ဍအလိုက် ထိထိရောက်ရောက် ဖြည့်ဆည်းပေးလျက်ရှိရာ ယခင်က မရှိခဲ့သေးသည့် မွေးမြူရေး သုတေသနဦးစီးဌာန အသစ်ကို ဖွဲ့စည်းတည်ထောင်ပေးခဲ့သဖြင့် သားငါး ကဏ္ဍအတွက် သုတေသနလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေး ဆိုင်ရာ အသက်မွေး ဝမ်းကျောင်း ပညာရပ် လေ့လာလိုသူ လူငယ်များအတွက် စိုက်ပျိုးရေး သိပ္ပံကျောင်းများတွင် မွေးမြူရေး ဒီပလိုမာ သင်တန်းများ ဖွင့်လှစ် ပေးခြင်း၊ အဆင့်မြင့် ပညာရပ် ဆက်လက် သင်ယူလိုသူများ အတွက် ဘွဲ့ကြို၊ ဘွဲ့လွန် နှင့် ပါရဂူသင်တန်းများ အထိ ပေါင်းကူး တက်ရောက် နိုင်ရေး ကိုလည်း စီစဉ်ဆောင်ရွက်ပေးပြီးဖြစ်ရာ ဆရာ ဆရာမများ အနေဖြင့် အနာဂတ် လယ်ယာကဏ္ဍအတွက် အားထား ရမည့် မျိုးဆက်သစ်လူငယ်များ အဖြစ် သင်ကြား လေ့ကျင့် မွေးထုတ် ပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း မေလ(၁)ရက်နေ့ နံနက်ပိုင်း က မြစ်ကြီးနား စိုက်ပျိုးရေးသိပ္ပံကျောင်း အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေးသိပ္ပံ ဆရာ ဆရာမများ နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြစ်ကြီးနား စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ တက်ရောက်ကြပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ကျောင်းအုပ်ကြီးတို့က စာသင်နှစ်အလိုက် ဖွင့်လှစ်ပို့ချပေးမည့် သင်တန်းများ နှင့်  ဘာသာရပ်အလိုက်  စာတွေ့ လက်တွေ့ သင်ကြားပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က သင်ကြားရေးစနစ်တွင် ဘာသာရပ် အလိုက် အားသာချက် အားနည်းချက်များကို စနစ်တကျ လေ့လာသုံးသပ်ပြီး လိုအပ်သည့် ပြုပြင်မှု၊ အဆင့် မြှင့်တင်မှုများ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ လက်ရှိဖွင့်လှစ်မည့် စိုက်ပျိုးရေး ဒီပလိုမာ သင်တန်း နှင့် တိုးချဲ့ဖွင့်လှစ်လာမည့် မွေးမြူရေး ဒီပလိုမာသင်တန်း အပြင် ကောလိပ် အဆင့် တိုးမြှင့် သင်ကြား နိုင်ရေး အထိ မျှော်မှန်းပြီးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် မွေးမြူရေး ဒီပလိုမာ သင်တန်းအတွက် စာသင်ဆောင်၊ လက်တွေ့ဆောင်၊ ဓါတ်ခွဲခန်း နှင့် မွေးမြူရေးခြံ တည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် နန်းကွေ့ စိုက်ပျိုးရေးခြံ ၏ ဝဥ စိုက်ပျိုးပွဲသို့ တက်ရောက် အားပေး ကြပြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ ဝဥ စိုက်ပျိုးပေးခဲ့ကြသည်။ ဝဥ ကို စားသုံးမှု ပုံစံအမျိုးမျိုးဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်များ၌ တွင်ကျယ်လျက်ရှိရာ ကချင်ပြည်နယ်အနေဖြင့် စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်နိုင်ပါက အိမ်နီးချင်း ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည့် အလားအလာကောင်း သော သီးနှံဖြစ်၍ ဒေသနေ တောင်သူများ အား မိတ်ဆက်ပေးခြင်းဖြစ်ပြီး ဝဥ မျိုးများ ဖူလုံစွာအသုံးပြုနိုင်ရန် နှင့် လိုအပ်သည့် နည်းပညာများ ကူညီပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် နေ့လယ်ပိုင်းတွင် ငှက်ပျော နှင့် ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူ များအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသခံ တောင်သူများ အတွက် ဈေးကွက်ဝေစုရရှိရေးကို နိုင်ငံတော်အပိုင်းက ဆောင်ရွက်ထားရှိမှုများ၊ တရုတ်နိုင်ငံသို့ ငှက်ပျော တင်ပို့ရာတွင် အပင်ပိုးမွှား ကင်းရှင်းရေးဆိုင်ရာလိုအပ်ချက် သဘောတူစာချုပ်အရ လိုက်နာရမည့် အချက်များ၊ စိုက်ပျိုးမြေများကို တည်ဆဲဥပဒေများနှင့်အညီ အသုံးပြုလုပ်ကိုင် နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြည်နယ် ၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာ ကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကချင်ပြည်နယ်၏ လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်ရေး နှင့် တိုးချဲ့ဆောင်ရွက်နိုင်မည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာအခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေမှ အကောင်းဆုံး အခွင့် အလမ်း ကို ဖော်ဆောင်နိုင်မည့် တီထွင်ကြံဆမှုဖြင့် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ် ချက်များ၊ ကချင်ပြည်နယ် တွင် မရှိသေးသည့် စံပြမွေးမြူရေးခြံ ထူထောင်ဆောင်ရွက်ရေး နှင့် စီးပွားဖြစ် လုပ်ကိုင်နိုင်မည့် သီးနှံ အမယ်သစ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ရန်ကိစ္စရပ်များ၊ မျိုးသန့်မျိုးပွားခြံများ ထူထောင် ဆောင်ရွက် ရေး နှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်း ဆိုင်ရာများ၊ ပူတာအိုဒေသ စားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာစီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သော အဖွဲ့တစ်ဖွဲ့ဖြင့် ကွင်းဆင်းလေ့လာပြီး စီမံကိန်းရေးဆွဲ ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။