စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ် ကျွမ်းကျင်သူများ၊ အဆင့်မြင့်ပညာရှင်များ လေ့ကျင့် သင်ကြား မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာ တွင် ခေတ်မီနည်းပညာရပ်များ သင်ကြားပို့ချပေးခြင်းသာမက တွေးခေါ်မြော်မြင်နိုင်စွမ်း နှင့် ဆင်ခြင် သုံးသပ် နိုင်စွမ်းမြင့်မားသည့် အသိပညာဖွံ့ဖြိုးရေးကိုပါ အလေးထားပို့ချပေးကြစေလိုကြောင်း၊ ကျောင်းဆင်းမောင်မယ်တိုင်းက စွမ်းရည်ပြည့်ဝ နှလုံးလှသည့် လူတော် လူကောင်းများ အဖြစ် အနာဂတ်လယ်ယာကဏ္ဍတွင် ထူးချွန်စွာတာဝန်ယူနိုင်ကြစေရေး မျှော်မှန်း ဆောင်ရွက်ကြစေလို ကြောင်း ဧပြီ(၃၀)ရက်နေ့က ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း နှင့် ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ စိုက်ပျိုးရေး တက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များအား လှည့်လည် ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တာဝန်ရှိ သူများအား ဆွေးနွေး ပြောကြားသည်။
ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသည့် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း နှင့် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များ အား လာမည့်မေလ(၁၂)ရက်နေ့မှစတင်၍ စာသင်နှစ်များအလိုက် ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ရာ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း ဘာသာရပ်အလိုက် သင်ကြားရေး ဆိုင်ရာ အကြိုလုပ်ငန်းများ နှင့် ယခုပညာသင်နှစ်မှစတင်၍ အသစ်ဖွင့်လှစ်ပို့ချ ပေးမည့် မွေးမြူရေးဒီပလိုမာသင်တန်း အတွက် သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ၊ အဆောက်အအုံများ၊ မွေးမြူရေးတိရစ္ဆာန်များ အသင့်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကိုလည်းကောင်း ၊ တက္ကသိုလ်များရှိ သင်ကြားရေးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းများအားလုံး၌ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဘေးကင်း လုံခြုံစွာ သင်ကြား သင်ယူနိုင်ကြစေရေး ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး လိုအပ် ချက်များ မှာကြား ဖြည့်ဆည်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။