ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ကချင်ပြည်နယ်၏လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ရန် ရေခံမြေခံကောင်းများရှိနေသည့် ကချင် ပြည်နယ် သည် နယ်စပ်ဈေးကွက် ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိနေသကဲ့သို့ အသားတင် စိုက်ပျိုးမြေဧက(၇၇၄၀၀၀)ကျော်ရှိပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေဘဲ ဖော်ထုတ် လုပ်ကိုင် နိုင်သည့် မြေသယံဇာတများစွာရှိနေသဖြင့် ဒေသဝမ်းစာဖူလုံရေးအတွက်သာမက ဈေးကွက် လိုအပ်ချက် ရှိနေသည့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ စီးပွားဖြစ် လုပ်ကိုင်နိုင်ရေးကို ပြည်ထောင်စုဝန်ကြီးဌာန နှင့် ပြည်နယ် အစိုးရတို့ပူးပေါင်း၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီလ(၂၉)ရက်နေ့ ညနေပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်၏လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

အစည်းအဝေးသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိ သူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ ကချင်ပြည်နယ် ၏ စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် ပြည်နယ်အစိုးရအဖွဲ့ ၏ ဦးဆောင်မှုဖြင့် ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကများ တောင်သူများ နှင့် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်တွင် ပါဝင်သူများအားလုံးပူးပေါင်းလျက် သမားရိုးကျထုတ်လုပ်မှု မှ စံချိန်စံညွှန်းပြည့်မီသည့် အရည်အသွေးကောင်းထုတ်လုပ်မှုဖြစ်စေသဖြင့် ရေရှည်တည်တံ့သော စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပေါ်ထွန်းလာရေး ကြိုးပမ်းကြရမည် ဖြစ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့် နှင့် နည်းပညာအသစ်များ အသုံးပြုနိုင်ရေး၊ ထွန်ယက် စိုက်ပျိုးသည်မှ ရိတ်သိမ်း သိုလှောင်သည်အထိ စက်ကိရိယာများသုံးပြုနိုင်ရန် မိမိတို့ ဝန်ကြီးဌာန က စီမံဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်း၊ တစ်ချိန်တည်းတွင် စိုက်ပျိုး မွေးမြူရေး ဆိုင်ရာ ကျွမ်းကျင်သော လူသား အရင်းအမြစ်များ တိုးပွားရေး အတွက် မြစ်ကြီးနား စိုက်ပျိုးရေးသိပ္ပံကျောင်း တွင် မွေးမြူရေး ဒီပလိုမာသင်တန်းကိုပါ တိုးချဲ့ဖွင့်လှစ်ရန်ဆောင်ရွက်လျက် ရှိသည့်အပြင် ကောလိပ် အဆင့် တိုးမြှင့် ဖွင့်လှစ် နိုင်ရေးကိုလည်း ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ ကချင်ပြည်နယ်၏ စားသုံးဆီ ဖူလုံရေး အတွက် နေကြာသီးနှံကို မိုးသီးနှံ နှင့် ဆောင်းသီးနှံများအဖြစ် သီးထပ်စိုက်ပျိုးနိုင်ရန် မျိုးစေ့နှင့် လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း၊  တိရစ္ဆာန်အစာ စိုက်ပျိုး ကျွေးမွေးသည့် မွေးမြူရေးစနစ် ထွန်းကားလာစေရန် မွေးမြူရေးခြံ တည်ထောင် ဆောင်ရွက်ခြင်း နှင့်အတူ စိတ်ဝင်စား လုပ်ကိုင်လိုသည့် မွေးမြူရေး တောင်သူများ ကိုလည်း လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက် ပေးသွား မည် ဖြစ်ကြောင်း၊ ရွှေ့ပြောင်းတောင်ယာအစား ကုန်းမြင့် လယ်ယာမြေ ဖော်ထုတ် လုပ်ကိုင်နိုင်ရေး နှင့် တောင်စောင်း နေရာများတွင် စရိတ်သက်သာပြီး ရေရှည် စိုက်ပျိုးလုပ်ကိုင်နိုင်ရန် နည်းပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နယ်စပ် ကုန်သွယ်ရေး ဂိတ်များ အနီး တွင် အပင်ပိုးမွှား ရောဂါ ကာကွယ်ရေး နှင့် တိရစ္ဆာန်ရောဂါကင်းရှင်းမှု စိစစ်အတည်ပြုပေးသည့် စခန်းများ တည်ထောင် ဆောင်ရွက်ခြင်း ကို တိုးချဲ့လုပ်ကိုင်သွားရန် ဖြစ်ကြောင်း၊ သဘာဝကျေးငှက် တိရစ္ဆာန်များ နားခိုရာဒေသ တစ်ခု ဖြစ်သကဲ့သို့ ပြည်တွင်း ပြည်ပ ခရီးသွားများကို ဆွဲဆောင်မှုရှိသည့် အင်းတော်ကြီးဒေသ ရေရှည် တည်တံ့စေရေးအတွက် ရေအဝင် လမ်းကြောင်းများ ဆယ်ယူရန် ၊ လိုအပ်သည့်နေရာများတွင် နုန်းတား တမံများ တည်ဆောက်ရန် နှင့် သဘာဝသစ်ပင်သစ်တောများ ထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရေး လုပ်ငန်းများ ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ဒေသ၏ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများအတွက်လိုအပ်သော သွင်းအားစုများ၊ နည်းပညာ နှင့် ကျွမ်းကျင်သော လူသားအရင်း အမြစ်များဖြည့်ဆည်းပေးရန်လိုအပ်ချက်များ၊ တောင်သူတစ်ဦးချင်းစီ၏ ထုတ်လုပ်မှု တိုးတက်ရေး သာမက  ကချင်ပြည်နယ်၏ လယ်ယာကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးလာရေး စီမံဆောင်ရွက် ရန် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ညွှန်ကြားရေးမှူးချုပ်များ နှင့် ပြည်နယ် အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ က လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ချက်များနှင့် ကချင်ပြည်နယ်၏ လယ်ယာကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စ ရပ်များ ကို တင်ပြဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။