ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ ၏ ပဉ္စမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

             မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဧပြီလ (၂၆)ရက်နေ့ နံနက်ပိုင်းက  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဥက္ကဌများ ဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ၊ စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက် ကြသည်။

             အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ၏ “တိုးချဲ့မြို့ပြ စီမံကိန်းများ ၊ စီးပွားရေးအထူးဇုန်များ၊ စက်မှုဇုန်များကို စိုက်ပျိုးမြေများ တွင် ဆောင်ရွက်ခြင်း မရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးမြေများအား အခြား နည်းလမ်းများဖြင့် အသုံးမပြုနိုင်စေရန် ကြပ်မတ် ဆောင်ရွက်ရန်” ဟူသည့် လမ်းညွှန်ချက် နှင့်  မြို့ပြစီမံကိန်းနှင့် အိုးအိမ်စီမံကိန်းများ ဖော်ဆောင်ရန် ရယူထားသော စီမံကိန်း မြေများအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုနိုင်ပါက မြေကို အကျိုးရှိစွာ အသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူ‌ရေးလုပ်ငန်းများ လုပ်ဆောင် သွားရန်” လမ်းညွှန်ချက်များနှင့်အညီ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများကို စီမံဆောင်ရွက် လျက်ရှိကြောင်း၊

အလားတူ ဒေသဝမ်းစာ ဖူလုံရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေ ခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြား စီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး အတွက် ကိုလည်း မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ ဖော်ထုတ်အသုံးပြုနိုင်ရေးအတွက် မြေလွတ်၊မြေလပ်နှင့်မြေရိုင်း များ စီမံခန့်ခွဲရေးဥပဒေ နှင့် အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

၂၀၁၂ ခုနှစ် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ မတိုင်မီကာလ အထိ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းလုပ်ပိုင်ခွင့် ဧရိယာ ဧက(၂၂)သိန်းကျော် ချထားပေးခဲ့သော်လည်း လက်တွေ့အသုံးချလုပ်ကိုင်နိုင်မှုမှာ(၂၉)ရာခိုင်နှုန်းခန့်သာ ဆောင်ရွက်ခဲ့သဖြင့် ၂၀၁၆ခုနှစ်တွင် စစ်ဆေးမှုများပြုလုပ်ပြီး လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့်မြေများကို နိုင်ငံတော်က ပြန်လည် သိမ်းဆည်းမှုများ ဆောင်ရွက်နေကြောင်း၊

၂၀၁၂ ခုနှစ် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပြဌာန်းပြီးနောက်ပိုင်း လုပ်ပိုင်ခွင့် အသုံးပြုခွင့်ပေးထားခဲ့သည့် ဧရိယာ ဧက(၃ . ၉)သိန်းခန့် အပေါ်ရှိ လုပ်ငန်း အကောင် အထည်ဖော်ရန် ခွင့်ပြုထားသည့် သတ်မှတ်ကာလ ပြည့်မြောက်ပြီဖြစ်သည့် ဧရိယာများကိုလည်း  မူလလျှောက်ထားစဉ်က တင်ပြထားသည့် လုပ်ငန်းများကို စည်းကမ်းချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်မှု ရှိ/ မရှိ စိစစ်အရေးယူဆောင်ရွက်ရန် တည်ဆဲ ဥပဒေ စည်းမျဉ်း စဉ်းကမ်းများ အတိုင်း အထူးအဖွဲ့များဖွဲ့စည်းပြီး တိကျစွာ စစ်ဆေး ဆောင်ရွက်ကြရန် လိုကြောင်း၊ အလားတူ ၂၀၁၇-၁၈ခုနှစ်မှ ၂၀၂၁-၂၂ ခုနှစ်အထိ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိထားသူများ ပေးသွင်းရန်ကျန်ရှိနေသည့် မြေခွန်များကို မြန်မာ့ စီးပွားရေးဘဏ်သို့ ပေးသွင်းနိုင်ရေး ကိစ္စရပ်များ ကိုလည်း အမြန်ဆုံးဆောင်ရွက်ကြရန် လိုကြောင်းဖြင့်  ဆွေးနွေးပြောကြားသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တွင် ဆွေးနွေး ဆုံးဖြတ်ရမည့် လုပ်ငန်းများအား အစည်းအဝေး တက်ရောက် သူများ က လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။