ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးရေး နှင့် ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်ဝသည့် မွေးမြူရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးကြိုးပမ်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် တာဝန်ရှိသူများနှင့် အတူ ဧပြီလ(၂၅) ရက် နေ့နံနက်ပိုင်းက  မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း(ရန်ကုန်)၏ တိရစ္ဆာန် ကူးစက် ရောဂါများစူးစမ်းရှာဖွေခြင်းနှင့် အတည်ပြုပေးခြင်းလုပ်ငန်းများ ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများအား စစ်ဆေးပြီး ကျန်းမာရေးထောက်ခံချက် လက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများ ၊ ရောဂါတုံ့ပြန်နိုင်မှု (Antibodies Titre) တိုင်းတာပေးခြင်း၊ ရောဂါစစ်ဆေးရန် ကွင်းဆင်းနမူနာ ကောက်ယူခြင်း၊ ရောဂါသုတေသနပြု ဆောင်ရွက်ခြင်း နှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ‌မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးရေး နှင့် ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်ဝသည့် မွေးမြူရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် တိရစ္ဆာန်ကျန်းမာရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ချက်များ ၊ နိုင်ငံတကာအဆင့်မှီ ဓာတ်ခွဲခန်းအဆင့်(ISO/IEC 17025:2017)ရရှိရေး တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် ကျေးရွာအုပ်စုရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန  တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးရေးဌာနစု (ပေါင်းငူ) သို့ရောက်ရှိကြပြီး မျိုးသန့်နွားသိုးငယ်များ ပြုစုပျိုးထောင်ခြင်း၊ မျိုးရည်ခဲချောင်း ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ နိုက်ထရိုဂျင်ဓာတ်ငွေ့ရည် ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ နွားမေထုန်မဲ့ သားစပ်ကျွမ်းကျင်သူ သင်တန်း ဖွင့်လှစ်ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မင်္ဂလာဒုံမြို့နယ်၊ ပေါင်းငူ၊ ပျားလုပ်ငန်းဌာနသို့ ရောက်ရှိကြပြီး  ပျားရည်တွင်ပါဝင်သည့် သကြားဓာတ်ပါဝင်မှု စစ်ဆေးပေး၍ မွေးမြူရေးပျားရည်ဖြစ်ကြောင်း ထောက်ခံချက်ထုတ်ပေးပေးခြင်းလုပ်ငန်း ၊ အမျိုးသားဓာတ်ကြွင်းအဆင့် စောင့်ကြည့်ရေး အစီအစဉ် (NRMP) အတွက် နမူနာပျားရည်များ ကောက်ယူခြင်း၊ ဓာတ်ခွဲစမ်းသပ်ရန် ပေးပို့ခြင်း၊  မျိုးကောင်းမျိုးသန့် ပျားဘုရင်မများအား သဘာဝနည်းဖြင့်မွေးမြူ ခြင်းနှင့် မေထုန်မဲ့ သားစပ်ခြင်း လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ပုဂ္ဂလိက နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ချက်များ ၊ တိုင်းရင်းဆေးဝါးများ အတွက်ပါ အသုံးပြုနေသည့် ပျားရည်များ၏ အစားအစာဘေးကင်း လုံခြုံရေးလိုအပ်ချက်များ၊  တစ်နိုင်တစ်ပိုင်မွေးမြူသူများ အား စီးပွားဖြစ်မွေးမြူထုတ်လုပ်နိုင်သည်အထိ အားပေးကူညီရန် လိုအပ်ချက်များကို တာဝန်ရှိသူ များအား ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် ကျေးရွာအုပ်စုရှိ နို့စားနွားမွေးမြူရေးသုတေသနနှင့် သရုပ်ပြခြံ ၏ ဆောင်ရွက်ဆဲ လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး  နို့စားနွား မွေးမြူရေးဆိုင်ရာ နည်းပညာပြန့်ပွားရေး ၊ သုတေသန လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးခြင်း၊ ရိတ်သိမ်း သယ်ယူကျွေးမွေးခြင်း စနစ်များဖွံ့ဖြိုးလာစေရေး စီမံဆောင်ရွက်ရန်လိုအပ်ချက်များ ကို  တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။