ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၏ လယ်ယာသားငါးဆိုင်ရာ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ် ကို ထိခိုက်မှုမရှိစေပဲ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ညီညွတ်သည့်  ငါး ပုစွန် မွေးမြူထုတ်လုပ်ရေး လုပ်ငန်းများ ဖွံ့ဖြိုး လာရေး နှင့် ရေထွက်ကုန်အခြေခံသော ကုန်‌ချောထုတ်လုပ်တင်ပို့မှု တိုးမြှင့်ရေး အတွက် လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်တာဝန်ရှိသူများသည် ဧပြီလ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး  ပုဂ္ဂလိကရေထွက်ကုန်လုပ်ငန်းများ ‌ဖြစ်သည့် ရတနာသိင်္ဂီအအေးခန်းစက်ရုံ ၊ Golden Boy Limited ၊ ကြို့ကုန်း ငါး ပုစွန် အအေးခန်း၊ မြင့်မြတ်ဟိန်း ကုမ္ပဏီလိမီတက်တို့၏   ပြည်ပပို့ကုန် ငါး၊ ပုစွန် အေးခဲလုပ်ငန်းများ နှင့် ရေထွက်ပစ္စည်းကုန်ချောထုတ်လုပ်မှု လုပ်ငန်းခွင်များအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့‌နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ငါးလုပ်ငန်းဦးစီးဌာန၏ ဂြိုလ်တု နည်းပညာ အသုံးပြု ငါးဖမ်းရေယာဥ် စောင့်ကြည့် ထိမ်းချုပ်ရေးဌာနခွဲ(ရန်ကုန်) သို့ ရောက်ရှိကြပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဥ် စောင့်ကြည့် ထိမ်းချုပ်ရေးလုပ်ငန်း ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ငါးဖမ်းရေယာဥ် စောင့်ကြည့် ထိမ်းချုပ်ရေးဌာနခွဲ အနေဖြင့် ငါးဖမ်းရေယာဥ်များ သတ်မှတ် ငါးဖမ်းကွက်ကျော်လွန်ခြင်း၊ ကမ်းနီးရေပြင် (၁၀)မိုင်အတွင်း ဝင်ရောက်ခြင်း၊ တားမြစ်ဧရိယာအတွင်း ဝင်ရောက်ခြင်း၊ Silent Vessel များအတွက် စစ်ဆေးခြင်း၊ ဆိပ်ကမ်းတွင် ရပ်နားထားစဉ် Silent ဖြစ်ပေါ်လာပါက (၄)နာရီအတွင်း တည်နေရာအချက်အလက်ပေးပို့ စေရေးဆောင်ရွက်ခြင်း၊ (၄)နာရီထက် ကျော်လွန်၍ တည်နေရာ သတင်းပေးပို့ခြင်းမရှိပါက (၁၂)နာရီအတွင်း တည်နေရာ အချိတ် အဆက် သတင်းပေးပို့ဆောက်ရွက်ခြင်း၊ ပင်လယ်ပြင်တွင် လုပ်ငန်း ဆောင်ရွက် နေစဉ် အတွင်း Silent ဖြစ်ပေါ်လာပါက (၄)နာရီအတွင်း တည်နေရာ သတင်း အချက်အလက် ပေးပို့အောင် ဆောင်ရွက်ခြင်း၊ (၄)နာရီထက်ကျော်လွန်၍ Silent ဖြစ်ပေါ်နေပါက VMS Control Center နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ထံ အကြောင်းကြားချိန်မှစ၍ (၄၈) နာရီအတွင်း နီးစပ်ရာ စစ်ဆေးရေးစခန်း (သို့မဟုတ်) သတ်မှတ်ပေးထားသည့်နေရာသို့ ဝင်ရောက် စစ်ဆေးမှု ခံယူစေခြင်း၊ ပြုပြင်စေခြင်း တို့ကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေး ဦးစီးဌာန၊ မြေအသုံးချရေးဓာတ်ခွဲခန်းသို့ရောက်ရှိကြပြီး မြေဆီလွှာဓာတ်ခွဲခြင်း၊ စိုက်ပျိုးရေ ဓာတ်ခွဲခြင်း၊ အပင်အစိတ်အပိုင်းဓာတ်ခွဲခြင်း ၊ ဓာတ်မြေသြဇာ၊ သဘာဝ မြေသြဇာနှင့် ဇီဝမြေသြဇာ ဓာတ်ခွဲ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ဒေသအလိုက် မြေသယံဇာတ အရင်းအမြစ်များ ၊ ရာသီဥတု တို့နှင့် လိုက်လျောညီထွေသည့် သီးနှံပုံစံများ  ထုတ်ပြန်ပေးရန်လိုအပ်ချက်များ၊  သီးနှံ အလိုက် မြေဆီအဟာရ လိုအပ်ချက်များ တောင်သူ့လက်ဝယ်အရောက် အသိပညာပေးရေး နှင့် ရေတိုရေရှည်အကျိုးရှိစေမည့် မြေဆီလွှာဖွံ့ဖြိုးရေးနည်းပညာများ ဖြန့်ဝေပေးရန် လို အပ် ချက် များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။