ဆောင်းပါး

လယ်ယာစီးပွားရေး လုပ်ငန်းရှင်အဖြစ် ကြိုးစားဖို့ စိုက်ပျိုးရေးသိပ္ပံကျောင်းကို ရွေးကြစို့

ယနေ့ကမ္ဘာတွင် ကပ်ရောဂါလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အားယူ နေကြပြီဖြစ်သလို ငွေကြေးမတည်ငြိမ်မှုနှင့် စီးပွားရေးကြပ်တည်းမှုများမှ လွတ်မြောက် ရေးကိုလည်း နိုင်ငံအသီးသီးက ကြိုးစားရုန်းကန်နေကြချိန်လည်း ဖြစ်ပါတယ်။ ဒီလို အခြေ အနေ မှာ သက်ဆိုင်ရာ မိခင်နိုင်ငံရဲ့ အခြေခံစီးပွားရေးလုပ်ငန်းများအပေါ် မူတည်ပြီး လုပ်ငန်းတွေ အောင်မြင်စွာ လည်ပတ်နိုင်ရေး နဲ့ နိုင်ငံသားတစ်ဦးချင်းစီ၏ အလုပ်အကိုင်ရရှိနိုင်မယ့် အခွင့်အလမ်းတွေဟာလည်း ကွဲပြားလျက်ရှိ‌ကြပါတယ်

ဒီဂျစ်တယ်ထိန်းချုပ်စနစ်နဲ့ ကုန်ထုတ်လုပ်နေတဲ့ စက်မှုနိုင်ငံတွေမှာ လုပ်သားလိုအပ်ချက် လျှော့ချမှုတွေရှိပေမယ့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကို အခြေခံတဲ့ မိမိတို့နိုင်ငံမှာတော့ အလုပ်အကိုင်အခွင့်အလမ်း များစွာရှိနေပါသေးတယ်။ မိုးလေဝသ အခြေအနေအပေါ် သုံးသပ်ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေ၊ ပိုးမွှားရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေအပြင် အထွက်နှုန်းနဲ့ အရည်အသွေး ကောင်းမွန်ရေး လုပ်ငန်းစဉ်တွေ ပါဝင်လို့ ကျွမ်းကျင်တဲ့ လူသားအရင်းအမြစ် လိုအပ်ချက်က မြင့်မားနေဦးမှာဖြစ်ပါတယ်။

စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သူတွေအနေနဲ့ အစိုးရဌာနတွေ ပုဂ္ဂလိက လုပ်ငန်းတွေ မှာ ဝင်ရောက်လုပ်ကိုင်ရုံသာမက ကိုယ်တိုင် စွန့်ဦးတီထွင်လုပ်ကိုင်ပြီး လယ်ယာစီးပွားရေး လုပ်ငန်းရှင်အဖြစ် ကြိုးစားနိုင်တဲ့ အခွင့်အလမ်း တွေလည်း ရှိနေပါတယ်။ အလုပ်အကိုင် အခွင့် အလမ်းဆိုင်ရာမှာလည်း ကျွမ်းကျင်မှုရှိသူကိုသာ လုပ်ငန်းခွင်တွေက ခေါ်ယူအသုံးပြု ကြတာ ဖြစ်သလို ကိုယ်ပိုင် စီးပွားရေးလုပ်ပါကလည်း သမားရိုးကျ ရုန်းကန်လှုပ်ရှားသူထက် နည်းပညာ တွေကို စနစ်တကျ သင်ယူ တတ်မြောက်ထားသူက လုပ်ငန်းအောင်မြင်ဖို့ အခွင့်အလမ်း ပိုမို သာလွန် မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားက အခြေခံပညာအထက်တန်းပညာ အောင်မြင်ပြီးသူ လူငယ် မောင်မယ် တွေ စိုက်ပျိုးရေးကို အသက်မွေး ဝမ်းကျောင်း ပညာရပ်အနေနဲ့ စနစ်တကျ လေ့လာသင်ယူနိုင်ကြစေဖို့ ပျဉ်းမနား၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမော့ဆို၊ ဇွဲကပင်၊ လုံပီး၊ ကျောက်တော်၊ ဟုမ္မလင်း စတဲ့ စိုက်ပျိုးရေး သိပ္ပံကျောင်းတွေကို တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှာ အလယ်အလတ်အဆင့် စိုက်ပျိုးရေး ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။

တကယ်တော့ စိုက်ပျိုးရေးတက္ကသိုလ်က အဆင့်မြင့်နည်းပညာရှင်တွေလိုပါပဲ စိုက်ပျိုး မွေးမြူရေး အခြေခံတဲ့ အသက်မွေး ဝမ်းကျောင်း ပညာရပ် ကျွမ်းကျင်သူတွေရဲ့ အခန်းကဏ္ဍ ဟာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံလို စိုက်ပျိုးရေးနိုင်ငံမှာ များစွာအရေးပါလျက် ရှိနေပါတယ်။ မိရိုးဖလာ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်တာထက် ခေတ်မီနည်းစနစ်တွေကို အသုံးချလုပ်ကိုင်နိုင်မှသာ အရည်အသွေး မြင့်မားတဲ့ ထုတ်ကုန်တွေ၊ ဈေးကွက်ဝင်တဲ့ ထုတ်လုပ်မှုတွေ ဖြစ်လာမှာပါ။

တစ်နည်းအားဖြင့် စိုက်ပျိုးရေးပညာ စနစ်တကျတတ်ကျွမ်းလို့ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တွေ တိုးပွာလာတာနဲ့အမျှ လယ်ယာ ကဏ္ဍရဲ့ ထွက်ကုန်ပစ္စည်း အရည်အသွေးနဲ့ ထုတ်လုပ်မှု တန်ဘိုးဟာလည်း သိသိသာသာ တိုးတက်လာမှာဖြစ်ပါတယ်။ နမူနာအနေနဲ့ ပြောရရင် သွင်းအားစု တွေမှာ ပါဝင်တဲ့ ဓါတ်ပစ္စည်းတွေရဲ့အာနိသင်ကို စနစ်တကျသင်ယူသိရှိထားသူအနေနဲ့ ရော်ရမ်း မှန်းဆပြီး အတိုင်းအဆမဲ့အသုံးပြုမိတာကို ကျော်လွှားနိုင်မှာ ဖြစ်သလို ခေတ်မီနည်းပညာ ဖြန့်ဝေရေး လုပ်ငန်းတွေမှာလည်း ပညာတတ် အကျိုးဆောင်တောင်သူတွေအဖြစ် အထောက်အကူ ပြုနိုင်ကြမှာ ဖြစ်လို့ နည်းပညာပြန့်ပွားရေး ကွန်ရက်လည်း ပိုမိုကျယ်ပြန့် ခိုင်မာလာမှာဖြစ်ပါတယ်။

ဒီလို လက်တွေ့အသုံးချပညာရပ်တွေကို ထိထိရောက်ရောက်သင်ကြားပေးနိုင်ဖို့ သင်ရိုးညွန်း တမ်း တွေနဲ့ သင်ကြားမှုပုံစံတွေ ပြည့်ပြည့်စုံစုံ ဆောင်ရွက်ထားရှိပြီးဖြစ်တဲ့ စိုက်ပျိုရေး သိပ္ပံ ကျောင်းများရဲ့ လက်တွေ့သင်ကြားမှုမှာ ကျောင်းများတည်ရှိရာ ဒေသ၊ ရေမြေ၊ ရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံအမျိုးအစားတွေကို ဦးစားပေး စိုက်ပျိုးပြသကြပြီး ဈေးကွက် လိုအပ်ချက်နဲ့ ဈေးကွက် အလားအလာအပေါ် သုံးသပ် နိုင်ရေးကိုပါ စနစ်တကျ ပို့ချပေးနေကြပါတယ်။ ဒါကြောင့်လည်း မတူညီတဲ့ဒေသအသီးသီးမှာရှိတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်း တွေကနေ သီးနှံအလိုက် ကျွမ်းကျင်မှုရှိပြီး အရည်အချင်းပြည့်ဝတဲ့သူတွေအဖြစ် မွေးထုတ်ပေးနေနိုင်တာလည်း ဖြစ်ပါတယ်။

စိုက်ပျိုးရေးသိပ္ပံများရဲ့ သင်တန်းကာလမှာ (၃)နှစ်ဖြစ်ပြီး သင်တန်းကာလအတွင်း လယ်ယာ သီးနှံစိုက်ပျိုးရေး၊ ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေး၊ စိုက်ပျိုးရေးဓါတုဗေဒ၊ စိုက်ပျိုးရေး ရုက္ခဗေဒ၊ သီးနှံကာကွယ်ရေး၊ လယ်ယာစက်မှုလက်မှု၊ စိုက်ပျိုးရေးတိုးချဲ့ ပညာပေးရေး၊ လယ်ယာမြေ စီမံခန့်ခွဲမှုနှင့်စာရင်းအင်းပညာ ဘာသာရပ်တွေ ပို့ချပေးမှာဖြစ်ပြီး ပထမနှစ်နှင့် ဒုတိယနှစ်မှာ အင်္ဂလိပ်စာ ဘာသာရပ် ၊ ပထမနှစ်သင်တန်းမှာတော့ သင်္ချာ၊ ရူပ‌ဗေဒ၊ ICT နှင့် လူမှု ဆက်နွယ်ရေးကျွမ်းကျင်မှု ဘာသာရပ် (Social Skill)တွေ ဖြည့်စွက်ပါဝင်ပြီး သင်တန်းတွေ အားလုံးမှာ စာတွေ့လက်တွေ့ သင်ကြားမှုအချိုး(၄၀ : ၆၀) ဖြစ်ပါတယ်။ စိုက်ပျိုးရေးသိပ္ပံ ကျောင်းတွေမှာ အသက်(၂၂)နှစ်ထက် မကြီးသူ၊ အခြေခံပညာအထက်တန်းကို ဓါတုဗေဒ၊ ရူပဗေဒ ဘာသာတွဲဖြင့် အောင်မြင်ပြီး ကျန်းမာသန်စွမ်းသူများ တက်ရောက်နိုင်ကြ ပါတယ်။

ထူးခြားချက်အနေဖြင့် မွေးမြူရေးဒီပလိုမာသင်တန်းကို အခု ၂၀၂၁-၂၀၂၂ ပညာသင် နှစ် က စပြီး ပျဉ်းမနား၊ ပုသိမ်ကြီး နဲ့ ဟဲဟိုး စိုက်ပျိုးရေးသိပ္ပံကျောင်း (၃)ကျောင်းမှာ စတင် ဖွင့်လှစ် ပို့ချပေးမှာဖြစ်ပြီး ကျန်ရှိနေတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေမှာလည်း စာသင်နှစ် အလိုက် တိုးချဲ့ဖွင့်လှစ် ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ မွေးမြူရေးဒီပလိုမာ သင်တန်းတွေ အတွက် သင်ရိုးညွှန်းတမ်း အသစ် နဲ့ ဘာသာရပ်အလိုက် ကျွမ်းကျင်သူ နည်းပြတွေ၊ စာတွေ့ လက်တွေ့ သင်ခန်းစာတွေ အတွက် လိုအပ်တဲ့ သင်ထောက်ကူ အဆောက်အအုံတွေ၊ ပစ္စည်းတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေ ဖြည့်ဆည်း ထားရှိပြီးဖြစ်လို့ မွေးမြူရေးလုပ်ငန်းကို စနစ်တကျ လေ့လာ သင်ယူလိုကြတဲ့ လူငယ်မောင်မယ်တွေအနေနဲ့ သင်တန်းကျောင်းတွေမှာ ဆက်သွယ် စုံစမ်းနိုင်ကြပြီ ဖြစ်ပါတယ်။

စိုက်ပျိုးရေးသိပ္ပံကျောင်းတွေနဲ့ မွေးမြူရေးဒီပလိုမာသင်တန်းတွေကို ကောလိပ်အဆင့် တိုးမြှင့် ပေးနိုင်ဖို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ကြိုးပမ်းနေပြီး လက်ရှိ သင်တန်းတွေက သတ်မှတ်အရည်အချင်း ပြည့်မီသူများအနေနဲ့လည်း စိုက်ပျိုးရေးတက္ကသိုလ် နဲ့ မွေးမြူရေးဆိုင်ရာတက္ကသိုလ်တွေကို ပေါင်းကူး တက်ရောက်နိုင်ကြမှာဖြစ်ပါတယ်၊ ဒါ့အပြင် သင်တန်း ပြီးဆုံး အောင်မြင်သူတွေအတွက် အလုပ်အကိုင်ရရှိရေးကိုလည်း သက်ဆိုင်ရာဌာနတွေ၊ ပုဂ္ဂလိကတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတယ်လို့ သိရှိရပါတယ်။

စိုက်ပျိုးရေးသိပ္ပံတွေမှာ စိုက်ပျိုးရေးဒီပလိုမာအဆင့်ထိ တက်ရောက်သင်ယူနိုင်ပြီး အဲဒီကတဆင့် စိုက်ပျိုးရေးတက္ကသိုလ် တက်ရောက်ပြီး စိုက်ပျိုးရေးဘွဲ့ပညာရှင်အဆင့် အဲဒီကမှ မဟာသိပ္ပံအဆင့််၊ ပါရဂူအဆင့်ထိ တက်ရောက်နိုင်တဲ့ အခွင့်လမ်းတွေ ရရှိနိုင်ပါတယ်။ စိုက်ပျိုးရေးသိပ္ပံကျောင်းတွေ က တဆင့် စိုက်ပျိုးရေးသိပ္ပံဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့ ရရှိပြီးသူတွေထဲက နိုင်ငံတာဝန် ထမ်းဆောင် ခဲ့ကြသူတွေ၊ တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးသိပ္ပံအပါအဝင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းတွေ၊ အခြေခံပညာ ကျောင်းတွေ ပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးညွှန်ကြားချက်တွေနဲ့အညီ စိုက်ပျိုးရေးသိပ္ပံ တွေရဲ့ သင်တန်း တစ်ခုချင်း ကိုသာ ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စိုက်ပျိုးရေးဒီပလိုမာ၊ တတိယနှစ် သင်တန်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့ထိ ဖွင့်လှစ်ပေး ခဲ့သလို ၊ စိုက်ပျိုးရေးဒီပလိုမာ၊ ဒုတိယနှစ်သင်တန်း ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အနေနဲ့ ကျင်းပတဲ့  ထမနဲထိုးပြိုင်ပွဲ နဲ့ တိုင်းရင်းသားရိုးရာ အစားအစာတွေ မိတ်ဆုံ စားပွဲ အခမ်းအနား ကိုလည်း ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနအကြီးအကဲတွေ ကိုယ်တိုင် တက်ရောက်ကြပြီး ပျော်ရွှင်စွာ ကျင်းပပေးခဲ့ပါတယ်။ အလားတူ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စိုက်ပျိုးရေး ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားတွေကိုလည်း အခုနှစ် မတ်လအတွင်း သက်ဆိုင်ရာ ကျောင်းတွေမှာ အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ စိုက်ပျိုးရေးဒီပလိုမာ၊ ပထမနှစ်၊ တတိယနှစ်သင်တန်းတွေနဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးဒီပလိုမာ၊ ပထမနှစ်သင်တန်းတွေကို အခုနှစ် မေလအတွင်း ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ကျောင်းတွေပြန်လည် ဖွင့်လှစ် ပါကလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် တွေနဲ့အညီ ဘေးကင်းလုံခြုံစွာ သင်ကြားသင်ယူနိုင်ကြစေဖို့ ပြင်ဆင်ထားရှိပြီးဖြစ်လို့ ဒေသ အသီးသီးက တိုင်းရင်းသားလူငယ် မောင်မယ်တွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းသေချာမှုရှိတဲ့ အသက်မွေး ဝမ်းကျောင်း ပညာရပ် သင်ယူမှု အခွင့်အလမ်းအဖြစ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွေနဲ့ မွေးမြူရေး ဒီပလိုမာသင်တန်းတွေကို ရွေးချယ်နိုင်ကြစေဖို့ တိုက်တွန်း ဖိတ်ခေါ်လိုက်ရ ပါတယ်………

ဆောင်းပါးရှင်-ကိုရင်အောင်မိုး(MOALI)

၂၃-၄-၂၀၂၂နေ့ထုတ် မြန်မာ့အလင်းသတင်းစာ(နှာ-၁၆)မှ ကူးယူဖော်ပြသည်။