အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန (Center on Integrated Rural Development for Asia and the Pacific – CIRDAP) ၏ ၂၃ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေး (23rd Governing Council (GC-23) Meeting) ကို ဧပြီလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ၍ Virtual Meeting အွန်လိုင်းစနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ ၂၃ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီ ၏ အဖွဲ့ဝင်ဖြစ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင် သော စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေးတွင် သဘာပတိအဖြစ် ထိုင်းနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန Advisor of the Minister Mr. Alongkorn Polabutr က ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ၂၀၁၉-၂၀၂၁ ခုနှစ် အတွင်း CIRDAP မှ ဆောင်ရွက် ခဲ့သည့် ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အောင်မြင်ခဲ့မှုများ နှင့် အခက်အခဲများအား အစီရင်ခံ ဖတ်ကြားအတည်ပြုခြင်း၊ CIRDAP အမှုဆောင် ကော်မတီ ၏ (၃၃)ကြိမ်မြောက် အစည်းအဝေး ဆွေးနွေးအကြံပြုချက်များအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ အုပ်ချုပ်မှု ကောင်စီ အဖွဲ့ဝင်များမှ ကျေးလက်ဒေသဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအပေါ် နိုင်ငံအလိုက် ဆွေးနွေးခြင်းနှင့် နောက်တစ်ကြိမ်ကျင်းပမည့် အုပ်ချုပ်မှုကောင်စီအစည်းအဝေးအတွက် အချိန်နှင့်နေရာအတည်ပြုခြင်းတို့အား ဆောင်ရွက် ခဲ့ကြသည်။
အစည်းအဝေးတွင် CIRDAP ၏ ၂၃ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင် ဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားရာ၌ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ချမှတ်ထား သည့် စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်နှင့် မြို့ပြဆင်းရဲချမ်းသာကွာခြားရေး မူဝါဒနှင့် အညီ ဆောင်ရွက်နေကြောင်း၊ ထိုသို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကို တိုးချဲ့ဖွဲ့စည်းထား ပါကြောင်း၊ ကျေးလက်နေပြည်သူလူထု၏ ဝင်ငွေ တိုးတက်မြင့်မားရေး နှင့် ဆင်းရဲမှု လျော့ပါးရေးအတွက် အဓိက အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပြင် အိမ်တွင်း စက်မှု၊ လက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခြင်းအပြင် လူမှုစီးပွား အဆင့်အတန်း မြင့်မားရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်မှု နှင့် ကျေးလက် ရေရရှိရေးလုပ်ငန်းများ၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း၊
ထို့အပြင် အဖွဲ့ဝင်နိုင်ငံများတွင် ယနေ့ရင်ဆိုင်နေကြရသော ကိုဗစ် -၁၉ ရောဂါ၏ အကျိုးဆက်များကြောင့် ကျေးလက်ဒေသ စီးပွားရေးအပေါ် ထိခိုက်မှုများ လျော့ပါး စေရေး၊ ကိုဗစ် -၁၉ ရောဂါ ကာလနောက်ပိုင်း ပြန်လည်ထူထောင်နိုင်ရေး၊ ကျေးလက် ဒေသ ပြုပြင်ပြောင်းလဲရေးတို့တွင် ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းပညာ ကို ထိရောက် တွင်ကျယ်စွာ အသုံးပြုရေးဆိုင်ရာ CIRDAP အဖွဲ့၏ လုပ်ငန်းစဉ်များ၌ အခြားအဖွဲ့ဝင် နိုင်ငံများနှင့် အတွေ့အကြုံများဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန CIRDAP ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဒက္ကာ မြို့ ၌ အခြေစိုက်ဖွင့်လှစ်ထားပြီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ လာအို၊ နီပေါ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အာဖဂန်နစ္စတန်၊ အီရန်၊ အိန္ဒိယ၊ ဖီဂျီ နှင့် ပါကစ္စတန် စသည့် အဖွဲ့ဝင်နိုင်ငံ (၁၅)နိုင်ငံ တို့ပါဝင်ကာ ဒေသတွင်း ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းရပ်များတွင် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် ရည်ရွယ်ဖွဲ့ စည်း ထား ခြင်း ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန သည် ၁၉၉၅ ခုနှစ်မှစတင်၍ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ယနေ့ကျင်းပသည့်အစည်းအဝေးသို့ အာဖဂန်နစ္စတန်နိုင်ငံမှအပ ကျန်အဖွဲ့ဝင် နိုင်ငံအားလုံး စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။