ဆောင်းပါး

အင်းသားတို့အမွေ၊ မြန်မာ့အမွေ ထိန်းသိမ်းကြပါစို့လေ

မြစ်ချောင်းအင်းအိုင်နှင့် ရေဝေရေလဲဒေသများကို သဘာဝတရားက ညီအစ်ကို၊ ညီအစ်မသဖွယ် ဆက်စပ်ပေးထားသည်။ ထိုသို့ ဆက်စပ် နေသည့် အတွက် မြစ်ချောင်း အင်းအိုင်များ၏ ဂေဟစနစ် ထိခိုက်လာမှုကို ဆန်းစစ်ကြည့်လျှင် ရေဝေရေလဲ ဒေသပျက်စီးလာမှုကြောင့် ဖြစ်ပေါ် လာရသည်ကို တွေ့ရမည်ဟု သဘာဝဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများက ဆိုကြသည်။

သဘာဝဝန်းကျင်တွင် ဂေဟစနစ်တစ်ခု ပြောင်းလဲပျက်စီးလာစေရန် ဆောင်ရွက်သူများမှာ လူသားများသာဖြစ်သည်။ သို့သော် သဘာဝ ဝန်းကျင်ပျက်စီးလျှင် နောက်ဆုံးတွင် ထိခိုက်မည့် သူများမှာလည်း လူသားများသာ။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ သဘာဝ ဝန်းကျင်ဂေဟစနစ်အားလုံးကို ထိန်းသိမ်းရန်မှာ နိုင်ငံသူ နိုင်ငံသားအားလုံး၏ တာဝန်ပင်။ ထိုသို့ ထိန်းသိမ်းမှသာ သဘာဝဝန်းကျင် ပတ်ဝန်းကျင် ပျက်စီးခြင်း၏ အကျိုးဆက်ကို ကျော်လွှားသွား နိုင်မည်ဖြစ်သည်။ ထိုသို့သော သဘောတရား ကို ပြသနေသည့်နေရာတစ်ခုကား အင်းလေးကန် ဝန်းကျင်ဒေသပင်။ ဝန်းကျင်ဂေဟစနစ် ထိခိုက်လာမှုကြောင့် အင်းလေးကန်နှင့် ရေဝေရေလဲဒေသသည် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေပြီဆိုသည့် အချက်ပေး ခေါင်းလောင်းသံ ပေးခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်လွန်ခဲ့ပြီ ဖြစ်သည်။

“အင်းလေးကန် ရေနည်းလာတာ၊ ထိခိုက် ပျက်စီးလာတာကို သိလာကြပါပြီ။ အဓိကကတော့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲ လာမှုကြောင့် နဲ့ အင်းထဲမှာ နေထိုင်မှု၊ ပြောင်းလဲလာမှုကြောင့်ပါ။ တချို့က ထိခိုက်ပျက်စီးလာတာကို သိသလိုမပျက်စီးအောင် တတ်နိုင် သလောက် ထိန်းသိမ်းမှု လုပ်တာရှိတယ်။ တချို့ကကျတော့ ပျက်စီးလာတာကို သိပေမယ့် ထိန်းသိမ်းမှုမှာ မပါဝင်သေးတာရှိတယ်။ တချို့ကျတော့ မသိသလို ဘာမှမဖြစ်ပါဘူးဆိုပြီး နေထိုင်ကြတဲ့သူ လည်း ရှိတယ်။ ဘယ်လိုပဲခံစားမှုရှိရှိ အင်းလေးကန်ကြီးတော့ ပြောင်းလဲ ထိခိုက်လာတာ ကတော့ အမှန်တရားပါ” ဟု အင်းလေးကန်အတွင်း နေထိုင်သည့် အင်းသား တစ်ဦးဖြစ်သည့် ဦးတင့်နိုင်က ပြောသည်။

အင်းလေးကန်သည် တောင်ကြီးခရိုင် ညောင်ရွှေမြို့တွင်တည်ရှိပြီး ကန်၏ဧရိယာအတွင်း ဇီဝမျိုး စိတ်များစွာတည်ရှိနေသည့် ကောင်းမွန် သော သက်ရှိပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။ ထို့ပြင် တောရိုင်းတိရစ္ဆာန်များ၏ ခိုလှုံရာနေရာတစ်ခု ဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိနေ သည့် ကြိုးကြာခေါင်းနီငှက်များ တည်ရှိနေသည်။ များပြားသော ရေနေသတ္တဝါများ၊ အင်းဆက် များ၊ ကုန်းနေ၊ ရေနေ သတ္တဝါများလည်း ရှိနေသည်။

ထိုသို့ သဘာဝအရင်းအမြစ်များ ပြည့်နှက်နေသည့်အတွက် အင်းလေးကန်ကို အာဆီယံ တောရိုင်းတိရစ္ဆာန် အမွေအနှစ် ဥယျာဉ်များထဲမှ တစ်ခုအဖြစ် ၂၀၀၃ ခုနှစ်တွင် သတ်မှတ်ခြင်း ခံရသည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဇီဝအဝန်း နယ်မြေအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လူသားနှင့် ဇီဝ အဝန်းနယ်မြေအစီအစဉ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကော်မတီက အတည်ပြုသတ်မှတ်ခဲ့ သည်။ ထို့အတူ ၂၀၁၈ ခုနှစ်တွင် အင်းလေးကန် ရမ်ဆာရေဝပ်ဒေသအဖြစ် တည်ထောင် သတ်မှတ်ခဲ့သည်။

သို့သော် အင်းလေးကန်သည် သဘာဝဝန်းကျင် ပြောင်းလဲမှု၊ ရေဝေရေလဲ ဒေသများအတွင်း မြေအသုံးချမှုများ ပြောင်းလဲလာမှု၊ ရာသီဥတု ပြောင်း လဲလာမှု စသည့်ဝန်းကျင်ထိခိုက်မှုများ၏ အဖြေကို ပြရာဒေသလည်း ဖြစ်လာသည်။ ထို့အပြင် အင်းလေး ကန်အတွင်း လူဦးရေ ထူထပ်လာမှု၊ ကျွန်းမျောရေ ခြံစိုက်ခင်းများ တိုးပွားလာမှုသည်လည်း ထိခိုက်မှုများ၏ အကြောင်းရင်းတစ်ခုဖြစ်လာသည်။

“အင်းထဲမှာ နေထိုင်တဲ့ လူဦးရေက တိုးပွားလာ တယ်၊ ဒီလိုတိုးပွားလာတာနဲ့အညီ စိုက်ခင်းတွေ ချဲ့ လာတယ်။ စိုက်ခင်းတွေမှာ ဓာတ်မြေဩဇာ သုံးစွဲမှုရှိတယ်။ လူနေမှုများလာတဲ့အတွက်၊ ခရီးသွား ဧည့်သည်ရှိလာတဲ့အတွက် ပလတ်စတစ်သုံးစွဲမှု များလာတာလိုမျိုး အကြောင်းအချက် အမျိုးမျိုး ရှိတယ်။ ပြီးတော့ အင်းထဲကို စီးဝင်တဲ့ ရေအရင်း အမြစ်တွေက နုန်းပို့ချမှု ရှိလာတယ်။ နောက်ပိုင်း ရာသီဥတုကလည်း ပြောင်းလဲလာတော့ ပြောင်းလဲမှု အကြောင်းစုံလာပြီး ရေအရည်အသွေးနဲ့ ဝန်းကျင်ကို ထိခိုက်လာတာပါ။ တစ်ဦးတစ်ယောက်ကြောင့် ဖြစ်လာတာမဟုတ်ပေမယ့် ရေရှည်တည်တံ့ဖို့တော့ အင်းထဲမှာ နေထိုင်သူတွေ၊ လာလည်တဲ့ ဧည့်သည် တွေ၊ အင်းလေးကန်နဲ့ ဆက်နွှယ်နေတဲ့သူ အားလုံးက ထိန်းသိမ်းရေး အသိရှိရမှာပါ” ဟု အင်းလေးဒေသခံ ဦးမျိုးမြင့်က ပြောသည်။

အင်းလေးကန် ဧရိယာသည် ယခင်က ၁၀၄ စတုရန်းမိုင်ကျယ်ဝန်းသည်။ လက်ရှိတွင် အင်း ရေပြင်ဧရိယာ ၂၄ စတုရန်းမိုင်၊ ကျွန်းမျောရိုင်း ဧရိယာ ၁၃ စတုရန်းမိုင်၊ ကျွန်းမျော စိုက်ခင်းဧရိယာ ၁၅ စတုရန်းမိုင်၊ လူနေထိုင်သည့် ဧရိယာ ၃ စတု ရန်းမိုင်၊ စိုက်ပျိုးမြေ ၈ စတုရန်းမိုင် စုစုပေါင်း ကန်ဧရိယာသည် ၆၃ စတုရန်းမိုင်သာ တည်ရှိသည်။

အင်းလေးကန်အတွင်း နေထိုင်သည့် အင်းသားများအတွက်၊ နိုင်ငံအတွက် ထိန်းသိမ်းရမည့် သဘာဝအရင်းအမြစ် တစ်ခုဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာနက အင်လေးကန် စိမ်းလန်းစိုပြည်ရေးနှင့် ရေရှည် တည်တံ့ရေး စီမံကိန်းကို ၁၉၉၂ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ စီမံကိန်း လုပ်ငန်းများအတွက် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးကို ဖွင့်လှစ် ကာ ထိန်းသိမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

“ အဓိကကတော့ ကန်ရဲ့ အောက်ခြေကန်ထဲကို စီးဝင်တဲ့ ရေဝေရေလဲဒေသက တောင်ကုန်း တောင်တန်းကများတယ်။ ဒီနေရာတွေမှာက မြေအသုံးချမှု ပြောင်းလဲလာတယ်။ ဒီလိုပြောင်းလဲ လာတဲ့အခါ ရေတိုက်စားလွယ်တဲ့ မြေနီ၊ ထုံးကျောက်နဲ့ ရွှံ့စေး၊ သဲမြေ အမျိုးအစား ဖြစ်တဲ့ အတွက် မိုးရာသီမှာ တောင်ပေါ်ကနေ ရေစီးအရှိန်နဲ့ ကန်ထဲစီးဝင် တယ်။ ကန်ရဲ့အောက်ခြေ မြေသားအထက်မှာ နုန်းတွေအဖြစ် အနည်ထိုင်နေတယ်။ ဒါကြောင့် ကန်ထဲ ကိုစီးဝင်တဲ့ အရင်းအမြစ်တွေမှာ နုန်းထိန်းတမံနဲ့ နုန်းဖမ်းဆည်တွေဆောင်ရွက်တယ်၊ ပြီးတော့ ကန်ထဲမှာ သဲနုန်းတူးဖော်တဲ့လုပ်ငန်းနဲ့ ကျွန်းမျော၊ ရေမှော်တွေ ရှင်းလင်းပြီး ရေလမ်းကြောင်း အမှတ် အသားပြုလုပ်ပေး ရပါတယ်။ ဒါတွေကို အဓိက အခြေခံပြီး ကျွန်တော်တို့ ဌာနအနေနဲ့ စီမံချက်ချ ပြီး ဆောင်ရွက်တဲ့လုပ်ငန်းကတော့ ရှစ်ခုဖြစ်ပါ တယ်” ဟု ညောင်ရွှေမြို့နယ် ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ကျော်ဦး က ပြောကြားသည်။

ကန်အတွင်းသို့ ချောင်းငယ်များအပါအဝင် အရှေ့ဘက်မှ ချောင်းပေါင်း ၁၇ ချောင်း၊ အနောက် ဘက်မှ ၁၁ ချောင်း၊ မြောက်ဘက်မှ တစ်ချောင်း စုစုပေါင်း ၂၉ ချောင်း စီးဝင်နေသည်။ အင်းလေး ကန်၏ အရှေ့ဘက်တောင်ကြောသည် အလျားလိုက် တည်ရှိနေသဖြင့် ရေဝေရေလဲ ဧရိယာ ကျဉ်းမြောင်းပြီး ချောင်းများတိုတောင်းကာ ရေစီးဝင်အား နည်းပါးသည်ကို တွေ့ရှိရသည်။ မိုးတွင်းကာလမှသာ ရေစီးဝင်သည်။ မြောက်ဘက်မှ စီးဝင်သော နမ့်လတ်ချောင်း၊ အနောက် ဘက်မှ စီးဝင်သော နယ်ခြားချောင်း၊ ကလောချောင်းနှင့် ဘီလူးချောင်း တို့သည်သာ ရာသီမရွေး ရေစီးဝင်လျက်ရှိသည်။

အင်းလေးကန်အတွင်းသို့ စီးဝင်သော ချောင်း ပေါင်း ၂၉ ချောင်း၏ ရေဆင်းဧရိယာ ၁၄၂၂ စတုရန်းမိုင်မှ တစ်နှစ်လျှင် ပျမ်းမျှ သဲနုန်းကျင်း သုံးသိန်းမှ ငါးသိန်းခန့်အထိ ပို့ချမှုရှိကြောင်း သိရှိရသည်။ သို့သော် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဘဏ္ဍာငွေ လျာထားရရှိမှုအရ နှစ်စဉ်ပျမ်းမျှ ကျင်း တစ်သိန်းခန့်သာ တူးဖော် ဆောင်ရွက်နိုင်သည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနသည် အင်းလေးကန်အတွင်း စီးဝင်ရေနှင့်အတူ ပါရှိကာ အနည်ကျနေသည့် သဲနုန်းများ ကို ဖယ်ရှားရန် သဲနုန်းတူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ အဓိကရေလမ်းကြောင်းတစ်လျှောက်တွင် သောင်တူးသင်္ဘောနှင့် Backhoe on Pontoon ဖြင့် သဲနုန်းများ တူးဖော်လျက်ရှိသည်။

ထို့ပြင် ကန်အတွင်းစီးဝင်သည့် လျှောစောက် များပြားသော ချောင်းများ၊ ချောင်းလက်တက်များ တွင် နုန်းထိန်းတမံနှင့် နုန်းထိန်းဆည်များ အစဉ်လိုက်တည်ဆောက်ခြင်းဖြင့် ရေလမ်းကြောင်း (ရေစီးအရှိန်)ကို ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ခြင်း ဖြင့် သဲနုန်းပို့ချမှုကို ထိန်းသိမ်းနိုင်ခြင်း၊ လျှောစောက်ပြေအောင် ထိန်းသိမ်းနိုင်ခြင်း၊ မြေလွှာ တိုက်စားမှု ကာကွယ်နိုင်ခြင်း၊ ကမ်းပါးပြိုများ ထိန်းသိမ်းနိုင်ခြင်း၊ သဲနုန်း ဝင်ရောက်မှုကို ဟန့်တားပေးခြင်း အစရှိသည့် အကျိုးကျေးဇူးများရှိသည်။

ထိုကဲ့သို့ဆောင်ရွက်ရာ၌ စိုက်ပျိုးရေပေးဝေ နိုင်ရေးကိုပါ ထည့်သွင်းတည်ဆောက် လျက်ရှိသည့်အပြင် တမံတည်ဆောက်နိုင်မည့် အနေအထား၊ ဘူမိဗေဒနှင့် ဇလဗေဒဆိုင်ရာ အခြေအနေကိုပါ ထည့်သွင်းစဉ်းစားကာ အမှန်တကယ် ဆောင်ရွက်သင့်သည့် နေရာများ တွင်သာ ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့ဌာနအနေနဲ့ စီမံကိန်းလုပ်ငန်းတွေ စတင်ဆောင်ရွက်တဲ့အချိန်ကနေ လက်ရှိအချိန်အထိ နုန်းထိန်းတမံ ခြောက်ခု၊ နုန်းဖမ်းဆည် ၂၈၄ ခု ဆောင်ရွက်ပေးနိုင်ခဲ့ပါ တယ်။ သဲနုန်း တူးဖော်တဲ့အနေနဲ့ နှစ်စဉ်ပျမ်းမျှ သဲနုန်းကျင်း ၁၀၅၂၅၀ ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်အထိ တူးဖော်ပြီး သဲနုန်းကျင်း ၃၅ ဒသမ ၅၆ သိန်း ဖြစ်ပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

အင်းလေးကန်အတွင်း နေရာအတည်တကျမရှိဘဲ ပြန့်ကျဲလျက်ရှိသည့် ကျွန်းမျောရိုင်းများ၊ ရေမှော်များ၊ ဗေဒါပင်များအား ဆယ်ယူ ရှင်းလင်း ရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနသည် အဓိကတည်ရှိရာနေရာများတွင် ဇုန် ၇ ခုပိုင်းခြား၍ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် (၆လ) ဘတ်ဂျက်အတွင်း အဓိကထားဆောင်ရွက်ခဲ့သည်။

“ကန်အတွင်းမှာ ရေမှော်၊ ဗေဒါရှင်းလင်းတဲ့ လုပ်ငန်းကိုလည်း ဆောင်ရွက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကန်ထဲကထွက်ရှိတဲ့ မှော်နု တစ်မျိုး ကိုပဲ ရေခြံစိုက်ပျိုးရေး လုပ်တဲ့သူက ဆည်ယူပြီး သဘာဝမြေဩဇာအဖြစ်သုံးတယ်။ ကျန်တဲ့ ရေမှော် ပင်တွေ၊ ဗေဒါပင်တွေ ကျတော့ ကန်အနှံ့ပေါက်ပြီး သုံးတာနည်းတယ်။ အခုနောက်ပိုင်းမှာတော့ ရေမှော်ပင်တွေ၊ ဗေဒါပင်တွေကို သဘာဝမြေဩဇာအဖြစ် သုံးလာတာရှိလာပါပြီ။ ဒီလို ထူထူထပ်ထပ် ပေါပေါ များများ ပေါက်နေတဲ့ ရေမှော်ပင်တွေ၊ ဗေဒါပင်တွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းက ထွက်လာတဲ့ ကျွန်းမျော ရိုင်း အပိုင်းအစတွေဟာ ရေလှောင်ပမာဏကို လျော့ကျစေတယ်၊ ရေထုညစ်ညမ်း စေနိုင်တဲ့ အတွက် ရေမှော်စက် တွေနဲ့ ဆယ်ယူတဲ့လုပ်ငန်းကိုလည်း ဆောင်ရွက်ပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူးက ရှင်းပြသည်။

ကျွန်းမျောရိုင်းများ၊ ရေမှော်များ၊ ဗေဒါပင်များ အား ဆည်ယူရှင်းလင်းရန် ဇုန် A အဖြစ် အင်းရေပြင် အထွက် နမ့်ကတ်ချောင်းဝ၊ ဇုန် B အဖြစ် အိုင်ထောင့် ကြီး ဘုရားကြွလမ်း အရှေ့ဘက်၊ ဇုန် C အဖြစ် မိုင်းသောက်ဈေးအဝင် ရေလမ်းထိပ်၊ ဇုန် D အဖြစ် ပါနွေးကျေးရွာ အလယ်ရွာအနီး၊ ဇုန် E အဖြစ် သလဲဦးကျေးရွာအနီး အင်းရေပြင်၊ ဇုန် F အဖြစ် ဇရပ်ကြီးကျေးရွာအနီး အင်းရေပြင်နှင့် ဇုန် G အဖြစ် ပွဲစားကုန်း ကျေးရွာအနီး အင်းရေပြင်တို့ကို သတ်မှတ်ကာ ကျွန်းမျောရိုင်း ဧရိယာ စုစုပေါင်း ၄၆၅ ဒသမ ၄၃ ဧက၊ ရေမှော် ၂၃၄ ဧကကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့သည်။

“ဌာနဆိုင်ရာတွေက သူ့လုပ်ငန်းနဲ့သူ အကောင် အထည်ဖော်ဆောင်ရွက်ပေးပါတယ်။ တစ်ဖက် ဒေသခံတွေဘက်ကလည်း ပူးပေါင်း ပါဝင် ပေး ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဒေသဟာ သဘာဝ အဝန်းအဝိုင်းနယ်မြေတစ်ခုဖြစ်တာမို့ စည်းကမ်းရှိရှိ နေတတ်ဖို့လိုအပ်ပါတယ်။ ဒီလိုမဟုတ်ရင် တော့ သံသရာလည်နေမှာပါ။ ဥပမာ စွန့်ပစ်အမှိုက်တွေ ကအစ ရေထဲမချဖို့၊ စိုက်ပျိုးရေးအတွက် သဘာဝ မြေဩဇာ ပြောင်းလဲသုံးစွဲဖို့၊ ဗေဒါပင်တွေကို ထိန်းချုပ် ကန်ထဲ စနစ်တကျထားဖို့ စသဖြင့် အကြောင်း အချက်တွေ အများကြီးရှိပါတယ်” ဟု အင်းလေး ဒေသခံ ဦးမျိုးမြင့်က ပြောသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အင်းလေးကန် ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းအဖြစ် နုန်းဖမ်းဆည် ခြောက်ခု တည်ဆောက်သွား မည်ဖြစ်ပြီး သဲနုန်းကျင်း ၁၀၀၀၀၀ ကို ကန်အတွင်းနှင့် ကန်ပတ်လည် သဲနုန်းအဓိက ပို့ချလျက်ရှိသည့် နေရာများတွင် တူးဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုလုပ်ငန်းများအပြင် အင်းရေပြင် အတွင်း ရေမှော်ရှင်းလင်းခြင်း ဧက ၁၃၀ နှင့် ကျွန်းမျောရိုင်း ထိန်းချုပ်လှောင်ကန်များအတွင်းမှ ကျွန်းမျောရိုင်း ၁၁၅ ဧကကို ရှင်းလင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

အင်းလေးကန်သည် ရှမ်းပြည်နယ်အလှသာမက မြန်မာနိုင်ငံ၏ အလှကိုပါ ထင်ဟပ်စေနိုင်သည့် နေရာတစ်ခုဖြစ်သည်။ ထိုကဲ့သို့ မြန်မာနိုင်ငံ ၏ သဘာဝအလှအဖြစ်သာမက ဇီဝဝန်းကျင်ဆိုင်ရာ အမွေအနှစ်အဖြစ်ပါ တည်ရှိနေသည်။ ထိုသို့ တည်ရှိနေသည့် အင်းလေးကန် ရေရှည်တည်တံ့ သာယာ လှပရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တတ်အားသမျှ စွမ်းစွမ်းတမံ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။ တစ်ဖက်မှလည်း ဒေသခံပြည်သူများ အပါအဝင် အားလုံး၏ ပူးပေါင်းစွမ်းအားဖြင့် အင်းသားတို့ အမွေ၊ မြန်မာ့အမွေ အင်းလေးကန် ရေရှည်တည်တံ့ ရေကို ထိန်းသိမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း တင်ပြလိုက် ရပါသည်။ ။

ဆောင်းပါးရှင်-ကေကေ

၁၂-၄-၂၀၂၂ကြေးမုံ