ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေး ရှေ့ပြေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

 

ဆည်ရေသောက်ဧရိယာတွင် ရေကိုစနစ်တကျစီမံခန့်ခွဲအသုံးချမှုစနစ် ကျင့်သုံးရန်လိုကြောင်း၊ စိုက်ပျိုးရေကိုချွေတာ  ခွဲဝေမျှတ သုံးစွဲခြင်း ဖြင့် ဆည်ရေသောက်ဧရိယာတိုးတက်လာစေပြီး (၁)နှစ် သုံးသီး အထိ သီးထပ်စွမ်းအားကိုလည်း တိုးတက်စေမည်ဖြစ်၍ ဒေသနေ တောင်သူ အားလုံး အကျိုးစီးပွား ဖြစ်ထွန်နိုင်ကြမည်ဖြစ်ကြောင်း၊ ရာသီ အလိုက် စိုက်ပျိုးမည့် သီးနှံပုံစံရေးဆွဲရာ၌  သီးနှံ၏ သက်တမ်း နှင့် ရေလိုအပ်ချက်ကို  ဂရုပြု တွက်ချက်ရန် နှင့် ရေသွင်းစနစ်များ ချိန်ညှိဆောင်ရွက်ရန်လိုကြောင်း၊ ဧပြီလ(၇)ရက်နေ့က နေပြည်တော် လယ်ဝေးမြို့နယ် ချောင်မငယ် ဆည်ရေသောက် ရေအသုံးချသူများအဖွဲ့(WUG)နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ချောင်မငယ်ဆည်ရေသောက် စနစ်ကျ စက်မှုလယ်ယာ မြေ (၁၂၁)ဧက တွင် ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေး ရှေ့ပြေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် နှင့် တာဝန်ရှိသူများက မြောင်းလက်တန် နှင့် လယ်ကြားမြောင်း စနစ် ၊ ရေနုတ်မြောင်းစနစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ရေပေးမြောင်းများအတွင်း ရေစီးဆင်းမှုထုထည် ၊ မိုးရေချိန် နှင့် ရေငွေ့ပျံနှုန်း တိုင်းတာစစ်ဆေး၍ မှတ်တမ်း ကောက်ယူဆောင်ရွက်ထားရှိမှု၊ ရေနှင့် မြေဆီလွှာ အရည်သွေးအား စူးစမ်း လေ့လာခြင်း လုပ်ငန်း ဆိုင်ရာများကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဌာန၏စံနမူနာပြ ဆောင်ရွက်ပေးခြင်းသည် ရေရှည်တွင် လယ်သမား လုပ်နိုင်သော နည်းစနစ်ဖြစ်ရန် နှင့် လက်တွေ့အကျိုးရှိရန်လိုကြောင်း ၊ တူးမြောင်းများ ရေသွယ်ယူမှု ပိုမို ကောင်းမွန် လာရေး၊ ရေအလေအလွင့် လျော့နည်း သက်သာလာပြီး မြောင်းဖျားအထိ အလွယ်တကူ ရေယူနိုင်ရေး၊ ရေနုတ်မြောင်းစနစ်များ အနေဖြင့် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်ရေး အပြင် ရေအလေအလွင့်များအား ရေနုတ်မြောင်း အဆောက်အဦများ မှတဆင့် စိုက်ပျိုးရေအဖြစ် ပြန်လည် အသုံးချနိုင်ရေး တို့ကို စနစ်တကျ စီမံဆောင်ရွက်ကြရန် လိုအပ် ကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေသွင်းမြောင်း၊ ရေနုတ်မြောင်းစနစ်များ၊ ဆည်ရေသောက်စနစ်အတွင်း စိုက်ပျိုးရေ ဖြန့်ဝေ ပေးနေမှုများ နှင့် ဆည်ရေ ရောက်ရှိရန် ခက်ခဲသည့် နေရာများတွင် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် မြေအောက်ရေထုတ်ယူပြီး ရေဖျန်းစနစ် ၊ အစက်ချစနစ် တို့ဖြင့် ရေအနည်းလိုသီးနှံ စိုက်ပျိုးနေမှုများကိုလည်းကောင်းကြည့်ရှုစစ်ဆေးသည်။

ချောင်မငယ်ဆည်ရေသောက် စနစ်တွင် (၁၉)မိုင် အရှည်ရှိ တူးမြောင်းမကြီး နှင့် (၂၉)မိုင်ရှိ လက်တံမြောင်းများပါဝင်ကာ DY-11 ၏ မြောင်းဖျား ရေသောက်တွင်  ယခုဆောင်ရွက်လျက် ရှိသည့် ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေး ရှေ့ပြေးစီမံကိန်း ကို အကောင် အထည် ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ လုပ်ငန်းများကို ဌာနနှင့် ရေအသုံးချ သူများအဖွဲ့ဝင် တောင်သူများ ပူးပေါင်း၍ ရေစီမံခန့်ခွဲမှု ကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဆောက်ရွက်ရန် အချက်များ ပါဝင်ကြောင်း၊  စီမံကိန်းမှ တွေ့ရှိချက်များကို အခြေခံပြီး အခြား ဆည်ရေသောက် ဧရိယာများတွင်လည်း တိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်ရှိ  စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာဈေးကွက်ဗဟိုဌာန သို့ ရောက်ရှိကြရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် တည်ဆောက်ရေးလုပ်ငန်း တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က စီမံကိန်း၏ ရည်ရွယ်ချက် ပြီးမြောက် အောင်မြင်ရေး အတွက် လိုအပ်သော အကြိုလုပ်ငန်းများ နှင့် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် စီမံခန့်ခွဲမှုဆိုင်ရာအစီအမံများ စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့သည်။

စိုက်ပျိုးရေးထွက်ကုန်များ ပြုပြင် ထုပ်ပိုးခြင်းလုပ်ငန်းများ၊ အအေးခန်း သိုလှောင်ရုံများ ပါဝင်သည့် အဆိုပါ စိုက်ပျိုးရေးထွက်ကုန် ဆိုင်ရာ ဈေးကွက်ဗဟိုဌာန ကို ပုဗ္ဗသီရိဈေးကြီးအနီးတွင် တည်ဆောက်လျက်ရှိသကဲ့သို့ စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန် ပြုပြင်ရေးဌာန ကို ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုး မျိုးပွားခြံတွင် တည်ဆောက်လျက်ရှိကြောင်း၊ လတ်ဆတ်သည့် သီးနှံများကို ပြည်သူများ ကျန်းမာရေး နှင့် ညီညွတ်စွာ ဝယ်ယူစားသုံးနိုင်ကြစေရန် ၊ ထုတ်လုပ်သူများအနေဖြင့် စနစ်တကျ ပြုပြင်ထုပ်ပိုး သိုလှောင်ပြီး ဈေးနှုန်း မှန်ကန်စွာ လက်လီလက်က္ကား ရောင်းချနိုင်ကြစေရန် နှင့် စိုက်ပျိုးရေးဆိုင်ရာဈေးကွက်စနစ် ဖွံ့ဖြိုးလာစေရန်တို့ကို ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။