ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဧရိယာအတွင်း စိုက်ပျိုးမွေးမြူရေး အခြေခံသော တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်မှု ဖွံ့ဖြိုး လာရေး ကွင်းဆင်းဆောင်ရွက်

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဧရိယာအတွင်း လယ်ယာ သား ငါး ထုတ်လုပ်မှု တိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးအခြေခံသော တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးလာရန် ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြုပ် တိုးမြှင့်ဆောင်ရွက်ရေးအတွက် လိုအပ်သော အားပေး ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အဖွဲ့သည် ဧပြီလ(၃)ရက်နေ့က လယ်ဝေးမြို့နယ် ပြောင်ခေါင်းကြီး မွေးမြူရေးဇုံ သို့ သွားရောက်ကြပြီး မွေးမြူရေးဇုံအတွင်း ဥစားကြက်၊ အသားစားကြက်များ မွေးမြူထားရှိမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးကာ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များ နှင့်တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

အလားတူ လယ်ဝေးမြို့နယ်၊ သဲကောကြီး‌ကျေးရွာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးဇုန် သို့ရောက်ရှိကြပြီး စိုက်ကွင်းများတွင် ဆေးရွက်ကြီး ပိုးသတ်ဆေး၊ တမာပိုးသတ်ဆေး စသည့် သဘာဝပိုးသတ်ဆေးများ နှင့် သဘာဝမြေသြဇာများ အသုံးပြုဆောင်ရွက်နေမှုများ ၊ စိုက်ပျိုးရေး အလေ့အကျင့်ကောင်း(GAP)စနစ်ဖြင့် စိုက်ပျိုးထားသည့် ဖူးစားပြောင်း စိုက်ခင်း များ ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးအားပေးသည်။

မွေးမြူရေးဇုံ နှင့် စိုက်ပျိုးရေးဇုန်များအား ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး က ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းရှင်များနှင့် တောင်သူများ အား တွေ့ဆုံ၍ အစားအစာ ဘေးကင်းလုံခြုံရေး အတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ စနစ်တကျ လိုက်နာကျင့်သုံးရန်လိုအပ်ချက်များ၊ ဈေးကွက်လိုအပ်ချက်ရှိသော တန်ဖိုးမြင့် ထုတ်ကုန်များ ဖြစ်စေရေး နှင့် တောင်သူ တစ်ဦးချင်း၏ ဝင်ငွေအကျိုးအမြတ်တိုးတက်ရရှိရေး၊ ထုတ်လုပ်မှု စရိတ် လျှော့ချနိုင်ရရန် နှင့် အရည်အသွေးပြည့်ဝသောထုတ်ကုန်များဖြစ်စေရန် ခေတ်မီ နည်းပညာများအသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနယူးဧရာစိုက်ပျိုးရေးကုမ္ပဏီလီမိတက် ၏ မျိုးစေ့ထုတ် စိုက်ကွင်းသို့ရောက်ရှိကြပြီး ကုမ္ပဏီနှင့် မိတ်ဘက်တောင်သူများ ပူးပေါင်း၍ နယူးဧရာ(၁) စပ်မျိုးစပါး ဝတ်မှုံကူးခြင်းလုပ်ငန်းများ စပ်မျိုးစပါး မျိုးစေ့ထုတ် လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးလုပ်ကိုင်သူများအားလုံး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖူလုံစွာ သုံးစွဲ စိုက်ပျိုးနိုင်ရေး နှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးလာရေးအတွက် အစိုးရ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ကျယ်ကျယ် ပြန့်ပြန့် ကျင့်သုံးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို   ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။