ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ၌ ဆီထွက်သီးနှံ နေကြာဧက(၁၀၀၀၀)ခန့် တိုးချဲ့စိုက်ပျိုးသွားမည်

စားသုံးဆီပိုလျှံရေးအတွက် လာမည့်စိုက်ပျိုး ရာသီမှစတင်၍ တစ်နိုင်ငံလုံး၌ နေကြာသီးနှံ ဧက(၁၅)သိန်း စိုက်ပျိုးသွားမည်ဖြစ်ရာ သုတေသနခြံများ အနေဖြင့် ဒေသ ရေ မြေ အလိုက် ဖြစ်ထွန်းအောင်မြင်စေမည့် နေကြာမျိုးကောင်း မျိုးသန့်များ ထုတ်လုပ် နိုင်ရေး အတွက် စနစ်တကျစီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တောင်သူများ နှင့် ပူးပေါင်း၍ ပိုမိုထိရောက်ကျယ်ပြန့်သော သုတေသန လုပ်ငန်းများဖြစ်စေရေး နှင့် လက်တွေ့အသုံးချ သုတေသနများဖော်ထုတ်ပြီး တောင်သူလက်ဝယ်အရောက် နည်းပညာဖြန့်ဝေနိုင်ရေးကို စိုက်ပျိုးရေးဦးစီးဌာန ၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဧပြီလ(၂)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ တပ်ကုန်းသုတေသနခြံ ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် ၌ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း မိုးသီးနှံ နှင့် ဆောင်းသီးနှံ စုစုပေါင်း ဧက(၁၅၀၀၀၀)ကျော်ရှိပြီး၊ နေကြာသီးနှံ ဧက(၂၀၀၀)ခန့်ပါဝင်ကြောင်း၊ လာမည့်စိုက်ပျိုး ရာသီမှ စတင်၍ နေကြာသီးနှံ ဧက(၁၀၀၀၀)ခန့် တိုးချဲ့စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာ အုပ်စု ဂွေးပင် ခေတ်မီစံပြကျေးရွာ (SMART Village)ရှိ နွေစပါးမျိုးစေ့ထုတ် စိုက်ခင်းသို့ ရောက်ရှိကြရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး က နေပြည်တော် ပြည်ထောင်စု နယ်မြေ အတွင်း နွေစပါး မျိုးစေ့ထုတ်စံပြ‌ကွက်များ ဆောင်ရွက်ထားရှိမှု ၊ တပ်ကုန်းမြို့နယ်အတွင်း နွေစပါး စိုက်ပျိုးပြီးစီးမှု၊ တောင်သူပညာပေး လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးနေမှုအခြေအနေများ ကို ရှင်းလင်း တင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က မိရိုးဖလာစိုက်ပျိုးနည်းများမှ ခေတ်မီ စိုက်ပျိုးနည်းစနစ်များသို့ ပြောင်းလဲကျင့်သုံးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ဒေသနေတောင်သူများနှင့်အတူ (EM)ဘိုကာရှီပြုလုပ်ခြင်း နှင့် နွေစပါးမျိုးစေ့ထုတ် စိုက်ခင်း သမန်းနိုး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

အလားတူ ‌‌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂွေးပင်(စံပြ)ကျေးရွာ စနစ်ကျ လယ်ယာမြေ(၁၁၆)ဧက ဖော်ထုတ်ခြင်း လုပ်ငန်း ၊ ရေသွင်း ရေထုတ်မြောင်းများ နှင့် ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး  တောင်သူများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍  ခေတ်မီလယ်ယာသုံး စက်ကရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်း သိုလှောင်သည်အထိ သီးနှံများ လေလွင့်ဆုံးရှုံးမှု လျှော့ချနိုင်ရေး အတွက် နည်းပညာရပ် ဆိုင်ရာများ စနစ်တကျ လိုက်နာ ဆောင်ရွက်ရန် တို့ကို ဆွေးနွေး ပြောကြားသည်။   

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စမ်းဝတီ မွေးမြူရေးနှင့် သဘာဝ မြေသြဇာ ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်သို့ ရောက်ရှိကြပြီး သဘာဝ မြေသြဇာ ထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။