ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြို့သာ စက်မှုဥယျာဉ် မြို့တော်အနီးရှိ မွေးမြူရေးဇုန် နှင့် အဆိုပါမွေးမြူရေးဇုံအတွက် လိုအပ်လာမည့် သောက်သုံးရေ ရရှိရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း နှင့် အဖွဲ့သည် ဧပြီလ(၃)ရက်နေ့နံနက်ပိုင်းတွင် မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာ စက်မှုဥယျာဉ် မြို့တော်အနီး သရက်ချိုပင်ကျေးရွာအုပ်စုရှိ မြေလွတ်မြေရိုင်းနေရာတွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် မွေးမြူရေးဇုန် နှင့် အဆိုပါမွေးမြူရေးဇုံအတွက် လိုအပ်လာမည့် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ၊ တည်ဆောက်လျက်ရှိသည့် လျှိုပိတ်တမံတည်ဆောက်ရေးလုပ်ငန်းများ ကို ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

နွား သိုး ဆိတ် မွေးမြူရေးလုပ်ငန်းများပါဝင်သော ဧက(၃၀၀၀)ရှိ မွေးမြူရေးဇုန် ၏ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန က ရေရရှိနိုင်မည့် နည်းလမ်းပေါင်းစုံဖြင့် စီမံဆောင်ရွက်လျက်ရှိရာ ယခုတည်ဆောက် လျှက်ရှိသည့် လျှိုပိတ်တမံမှာ တမံအလျား (၁၂၀၀)ပေ၊ တမံအမြင့် (၆၀)ပေရှိ မြေသားတမံ အမျိုးအစား ဖြစ်ပြီး လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်း ၃၅% ပြီးစီးပြီဖြစ်ကြောင်း၊ လုပ်ငန်းများ အားလုံးကို ယခုနှစ် မိုးမကျမီ အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

လျှိုပိတ်တမံ တည်ဆောက်ရေးလုပ်ငန်းခွင်အားကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူ များအား ဆွေးနွေးမှာကြားရာ၌ ဒေသ၏နှစ်စဉ်မိုးရေရရှိမှု ၊ စီးဝင်ရေပမာဏ နှင့် သိုလှောင်နိုင်မှုတို့အရ မြို့သာ မွေးမြူရေးဇုန် အတွက် ရေလိုအပ်ချက် ပြည့်မီရန် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်၍ ပထဝီ မြေမျက်နှာ အခြေအနေအရ ရေရှည်အကျိုးရှိနိုင်မည့် နည်းလမ်းကို ဖော်ထုတ်အသုံးချရန် လိုအပ်ကြောင်း၊ အလားတူ ရေချွေတာ နိုင်မည့် အသုံးပြုမှုစနစ်များ ထည့်သွင်း စီမံဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မြို့သာ စက်မှုဥယျာဉ်မြို့တော်တည်ဆောက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ မြို့သာမွေးမြူရေးဇုန် တည်ဆောက်ရေးလုပ်ငန်းခွင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က ဒေသထွက် ပဲမျိုးစုံ အပါအဝင် စိုက်ပျိုးရေး မွေးမြူရေး အခြေခံသည့် စားသောက်ကုန်ချောထုတ် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ ခေတ်မီ အဆင့်မြင့်ဆီစက် လုပ်ငန်း နှင့် တိရစ္ဆာန်အစာ လုပ်ငန်းများတွင် ရင်းနှီး မြုပ်နှံရန် လိုအပ်ချက်များ နှင့် ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးနိုင်မှုများကို ဆွေးနွေး ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။