ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာသုံး စက်ကိရိယာ ကျွမ်းကျင်မှု အသိအမှတ်ပြု (၁)နှစ် သင်တန်းပြီးဆုံး၍ အရည်အချင်းပြည့်မီသူများ အစိုးရစက်မှု လက်မှု သိပ္ပံ GTI ကျောင်းများသို့ ပေါင်းကူးတက်ရောက်နိုင်ကြမည်

စက်မှုလယ်ယာစနစ်သို့ ပီပြင်စွာကူးပြောင်းနိုင်ရန် ကျွမ်းကျင်သော လူသားအရင်းအမြစ်များစွာ လိုအပ်လျက်ရှိနေကြောင်း၊ သင်တန်းများ တွင် မတူကွဲပြားသည့် ဒေသအသီးသီးမှ သင်တန်းသားများ လာရောက်လေ့လာ ဆည်းပူးလျက်ရှိကြရာ သင်တန်းပြီးမြောက်ပါက ယင်းတို့ လက်တွေ့ လုပ်ကိုင် ကြမည့် သီးနှံများ အလိုက် မြေပြင်ထွန်ယက်သည်မှ ရိတ်သိမ်းခြွေလှေ့သည်အထိ အသုံးပြုရန် လိုအပ် သော စက်ကိရိယာများ ကို ခွဲခြားပြီး ထိရောက်သည့် ပို့ချမှုသင်ကြားပေးမှုဖြစ်ရန် လိုအပ်ကြောင်း၊ ဧပြီလ(၂)ရက်နေ့ နံနက်ပိုင်းက မိတ္ထီလာမြို့ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း အား လှည့်လည် ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တာဝန်ရှိသူများအား ဆွေးနွေးပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ စက်မှုလယ်ယာဗဟိုသင်တန်းကျောင်း တွင် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ ကောက်စိုက်စက်၊ ရိတ်သိမ်းခြွေလှေ့စက် နှင့် အခြားလယ်ယာသုံး စက်ကိရိယာ များ မောင်းနှင်အသုံးပြုနည်း၊ ထိန်းသိမ်းနည်း၊ ပြုပြင်နည်းများပါဝင်သည့် လယ်ယာသုံး စက်ကိရိယာ သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ရာ ယနေ့အထိ စုစုပေါင်း သင်တန်း(၄၇၂) ကြိမ် ဖွင့်လှစ်ပို့ချခဲ့ပြီး အခြေခံပညာ အထက်တန်းပြီးမြောက်သူ သို့မဟုတ် စက်မှုအထက်တန်းကျောင်း အောင်မြင်ပြီးသူများ အတွက် လယ်ယာသုံး စက်ကိရိယာ ကျွမ်းကျင်မှု အသိအမှတ်ပြု (၁)နှစ် သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပြီးဖြစ် ကြောင်း၊ အဆိုပါသင်တန်းမှ အရည်အချင်းပြည့်မီသူများအား အစိုးရစက်မှု လက်မှု သိပ္ပံ GTI ကျောင်းများသို့ ပေါင်းကူးတက်ရောက်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီး သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း နှင့်အတူ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တအုံးကျေးရွာအုပ်စု၊ ဆောက်အင်းကျေးရွာအနီးတွင် တည်ဆောက်လျက်ရှိသည့် ဆောက်အင်းလျှပ်စစ် မြစ်ရေတင်စီမံကိန်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

စီမံကိန်းတာဝန်ရှိသူများ၊ စီမံကိန်းဧရိယာအတွင်းရှိဒေသနေတောင်သူများ နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရေအသုံးချသူများအဖွဲ့ (WUG)များ စုဖွဲ့ဆောင်ရွက်နိုင်ရေး၊ ရေသွယ်မြောင်း များ၊ ရေသောက်မြောင်းများ တည်ဆောက်စဉ် စနစ်ကျလယ်ယာမြေများ ဖော်ထုတ် နိုင်မည် ဆိုပါက တောင်သူများ အတွက် ပိုမို အကျိုးရှိစေမည်ဖြစ်၍ ဒေသခံတောင်သူများအချင်းချင်း ညှိနှိုင်းကြပြီး ဌာန တာဝန်ရှိသူများ နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာအုပ်စု၊ ဆောက်အင်းကျေးရွာနှင့် ကွန်ပျူတာတက္ကသိုလ်(မန္တလေး) အနီးရှိ စိုက်ပျိုးမြေများတွင် သဘာဝမိုးရေ ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ကို အဓိကထား လုပ်ကိုင် နေကြသော်လည်း ယခုအခါ ရာသီဥတုဖောက်ပြန်မှု၊ မိုးခေါင်မှုတို့ကြောင့် တစ်နှစ် တစ်သီး စိုက်ပျိုးလုပ်ကိုင်ရန်ပင် သေချာမှုမရှိတော့၍ ဒုဌဝတီမြစ်မှ ရေဖြင့် တစ်နှစ် (၃)သီး စိုက်ပျိုးနိုင်ရန်  ဆောက်အင်း လျှပ်စစ် မြစ်ရေတင် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြစ်ရေအတက်အကျကွာခြားချက် (၂၅)ပေ ရှိသည့် ဒုဌဝတီမြစ်မှ ရေကို ရေပေါ်ရေတင်စနစ်ဖြင့် ပင်မလျှပ်စစ်ဓါတ်အားလိုင်း နှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ဆိုလာစနစ်တို့ကို အလှည့်ကျ အသုံးပြုပြီး ပင်မရေတင်စခန်း အမြင့်ပေ(၅၀)သို့ ရေတင်ကာ ပင်မမြောင်း(၁)ခု၊ လက်တံမြောင်း(၄)ခု၊ တူးမြောင်း အဆောက်အဦ (၂၂၆)ခုတို့မှတဆင့် စိုက်ပျိုးမြေများကို ရေပေးဝေသွားမည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းကို (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ်တွင် စတင်ပြီး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ပြီးစီးမည်ဖြစ် ကြောင်း၊ ဧက(၁၀၀၀)ကို တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး အကျိုးပြုနိုင်မည်ဖြစ်၍ သီးနှံစိုက် စွမ်းအားနှင့် သီးနှံအထွက်နှုန်းများ မြင့်မားတိုးတက်လာစေပြီး ဒေသနေပြည်သူများ၏ လူနေမှု အဆင့်အတန်းမြင့်မားရေးကို အထောက်အကူပြုစေမည်ဖြစ်သည်။ ဒုဌဝတီမြစ်ပေါ်ရှိ မြစ်ရေတင် လုပ်ငန်းများအနေဖြင့် စဉ့်ကိုင်မြို့နယ်တွင် (၉)ခု ၊ အမရပူရ မြို့နယ်တွင်(၄)ခု ရှိသဖြင့် တည်ဆောက် လျက်ရှိသည့် ဆောက်အင်းလျှပ်စစ်မြစ်ရေတင် စီမံကိန်း ပြီးစီးပါကမြစ်ရေတင် လုပ်ငန်း(၁၄)ခု ရှိလာ မည် ဖြစ်ပြီး စုစုပေါင်း စိုက်ပျိုးမြေဧက(၉၀၀၀)ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို နှင့် တာဝန်ရှိသူများ သည် အမပူရမြို့နယ်၊ နတ်ရေကန်ငါးလုပ်ငန်းစခန်း သို့ သွားရောက်ကြပြီး အဆင့်မြင့်ငါးမွေးမြူခြင်း စီမံကိန်းလုပ်ငန်းများ ၊ မျိုးငါးများမွေးမြူထားရှိမှု နှင့် ငါးသားပေါက်ထုတ်လုပ်ပေးနေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကြသည်။

ဒေသရှိ ဆည်ကန်နှင့် သဘာဝမြစ်ချောင်းများအတွင်း ငါးမျိုးစိုက်ထည့်နိုင်ရန် နတ်ရေကန် ငါးလုပ်ငန်းစခန်းမှ ငါးသားပေါက် ထုတ်လုပ် ပေးမှု အနေဖြင့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း ငါးသား ပေါက် ကောင်ရေ (၈၁)သိန်းကျော် ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ ဒေသအတွင်း၌ စားသုံးမှုများသော ငါးမျိုးသားပေါက်များ  နှင့် ငါးမွေးမြူရေး နည်းပညာများ တိုးတက် ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ် ကြူဝန်းကျေးရွာအနီးရှိ ထုံးဘို ဝက်မွေးမြူရေးခြံ တွင် ပုဂ္ဂလိက ဝက်မွေးမြူရေးလုပ်ငန်းရှင်နှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များ အား တွေ့ဆုံ၍ မြေအသုံးချမှု စနစ်တကျဖြစ်စေရေး၊ ပုဂ္ဂလိက အကျိုး ဒေသအကျိုး နှင့် နိုင်ငံအကျိုး ရေရှည် ဖြစ်ထွန်းတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။