ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မွေးမြူရေးအခြေခံသော တန်ဖိုးမြင့် ကုန်ချော ထုတ်လုပ်မှု နှင့် သား ငါး ကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်း

 

ငါးသယံဇာတ ပေါများကြွယ်ဝရန်၊ အဟာရပြည့်ဝသည့် ငါးစားသုံးမှုတိုးတက်လာစေရန်၊ သဘာဝရေပြင်မှ ငါးဖမ်းခြင်းလုပ်ငန်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် ဝင်ငွေရရှိကြစေရန် ရည်ရွယ်၍ နိုင်ငံတော်မှ နှစ်စဉ် ဆည်ကန်များ မြစ် ချောင်းများ အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခြင်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ရေပေါ်လှောင်အိမ်စနစ်ဖြင့် အခြေအနေ ပေးသည့် ဆည် ကန် နှင့်သဘာဝရေပြင်ကျယ်များတွင် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်အထိ မွေးမြူ လုပ်ကိုင်နိုင်ရေးအားပေးကူညီလျက်ရှိသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဧပြီလ(၂)ရက်နေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ရှမ်းပြည်နယ်( တောင်ပိုင်း) ပေါင်းလောင်းမြို့ လိမ်းလီရွာအနီးရှိ ပေါင်းလောင်းဆည်အတွင်း  ရေပေါ်လှောင်အိမ်ဖြင့် တီလားပီးယားငါးမျိုးများ မွေးမြူထားရှိမှုအခြေအနေများကို  ကြည့်ရှုစစ်ဆေးသည်။ ဆက်လက် ၍ ဒေသ‌နေပြည်သူများ၏ ငွေရောင် ငါးကြင်း နှင့် ထိုင်းငါးခုန်းမများအား ဖမ်းယူ ရောင်းချနေမှုကို ကြည့်ရှုပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိရေး၊ ငါးသယံဇာတများ ရေရှည် ထုတ်ယူသုံးစွဲ နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အတွင်းရှိ ပုဂ္ဂလိက မွေးမြူရေး ခြံများဖြစ်သော ကံကြီးမွေးမြူရေးဇုံ သို့ လည်းကောင်း၊ မွေးမြူရေးတောင်သူ ဦးသန်းဌေး၏ ဆိတ်မွေးမြူရေးခြံသို့လည်းကောင်း၊ ( IR ) ဥစားကြက် မွေးမြူရေး ခြံသို့ လည်းကောင်း ရောက်ရှိပြီး မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခြေခံကျသည့်  လယ်ယာ သားငါးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး နှင့် တန်ဖိုးမြင့် ကုန်ချောများအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ချက်များ၊ ဒေသ ရေ မြေ ရာသီဥတု နှင့် လိုက်လျောညီထွေမှုရှိစေပြီး စျေးကွက် အလားအလားရှိသော မွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်နိုင်ရေး ၊ ဒေသနေပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးကို မျှော်မှန်းဆောင်ရွက်ရေး ၊ ဖြစ်ပေါ်တတ်သော တိရစ္ဆာန်ကူးစက် ရောဂါများ ကြိုတင် ကာကွယ်ရေး ဆိုင်ရာများကို ဆွေးနွေး  မှာကြားခဲ့ကြောင်း သိရသည်။