ဆောင်းပါး

စိုက်ပျိုးရေးတောင်သူများ ပိုမိုအကျိုးရှိလာစေမည့် ဆိုလာစွမ်းအင်သုံး ရေတင်စနစ်

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကျေးလက်နေ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူတွေ ဖြစ်ကြပါတယ်။ နိုင်ငံတစ်ဝန်းမှာလည်း နှစ်စဉ် စိုက်ပျိုးမြေဧကပေါင်း သန်း ၃၀ ခန့်တွင် နွေ၊မိုးသီးနှံများ စိုက်ပျိုးလျက်ရှိပါတယ်။ဒီလို စိုက်ပျိုးနေရာမှာ အဓိကအားဖြင့် မိုးရေနှင့်ဆည်ရေတို့ကိုသာ အဓိကထား စိုက်ပျိုးနေကြသည့်အပြင် လျှပ်စစ် ရေတင်စနစ်တို့နဲ့လည်း ရေသွင်းစိုက်ပျိုးနေကြပါတယ်။ ထို့အပြင် ရေတင်လုပ်ငန်း ၂၁၀ ခုကနေ စိုက်ဧက နှစ်သိန်းခြောက်သောင်းကျော်ကို နွေ၊မိုးသီးနှံများ စိုက်ပျိုးရေ ရရှိရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကနေ ဆောင်ရွက်ပေးနေပါတယ်။

ဒီလို မိုးရေကို အဓိကထားစိုက်ပျိုးနေရတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာဆိုရင် မိုးကောင်း မှသာအောင်ရေရနိုင်တဲ့ အခြေအနေရှိပြီး မိုးမကောင်းတဲ့နှစ်တွေမှာဆိုရင် အောင်ရေ ရရှိနိုင်ဖို့အတွက် ဖြည့်စွက်ရေ အနေနဲ့ ဆည်ရေ၊ မြစ်ရေတင်စနစ်၊ အခြားရေရရှိရေးနည်းလမ်းတွေနဲ့ ထပ်မံဖြည့်သွင်း စိုက်ပျိုးနေကြရတာ ဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးတဲ့နေရာမှာ လျှပ်စစ်၊ဒီဇယ်အင်ဂျင်တို့နဲ့ အသုံးပြုရေသွင်း စိုက်ပျိုး နေခဲ့ရာကနေ အခုချိန်မှာ သဘာဝနေရောင်ခြည် စွမ်းအင်ကိုအသုံးပြုထားပြီး တောင်သူ လယ်သမားများအနေဖြင့် သီးနှံစိုက်ဧကတွေအတွက် လျှပ်စစ်ဓာတ်အားခ (သို့) ဒီဇယ်ဆီဘိုး ကုန်ကျစရိတ် သက်သာစေမည့် ဆိုလာအသုံးပြုရေတင်စနစ်ကို စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

စိုက်ပျိုးသူ တောင်သူတွေအတွက်လည်း ပိုမိုအကျိုးကျေးဇူးတွေရရှိလာစေမည့် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်(Renewable Energy) တစ်ခုဖြစ်တဲ့ ဆိုလာစွမ်းအင်သုံး ရေတင်စီမံကိန်းတွေကို စတင်ဆောင်ရွက် လာပြီဖြစ်ရာ လက်ရှိချိန်မှာတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်လေးခုမှာ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင် (Renewable Energy) တစ်ခုဖြစ်သည့် ဆိုလာစွမ်းအင်သုံး ရေတင်စီမံကိန်းများ ဆောင်ရွက် နေပါပြီ။ ဆိုလာစွမ်းအင်သုံးရေတင်စီမံကိန်း တည်ဆောက်ပြီး ရေတင်လုပ်ငန်းတွေမှာ ဆိုလာစနစ် တွဲဖက် တပ်ဆင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခြင်းဖြင့် မီတာခကုန်ကျစရိတ်သက်သာစေခြင်း၊ လူမှုပတ်ဝန်းကျင် နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်း သက်သာစေခြင်းနှင့် ကုန်ကျစရိတ် သက်သာစွာ ရေသွင်းစိုက်ပျိုးနိုင်ခြင်းဖြင့် သီးနှံအထွက်တိုးပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါ တယ်။

စိုက်ပျိုးရေရရှိရေးအတွက် အသုံးပြုလျက်ရှိသော မြစ်ရေတင်စီမံကိန်းများတွင် လျှပ်စစ်ဓါတ်အားခ နှင့် စက်မောင်းဆီခြွေတာနိုင်ရေး ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသော ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အား အသုံးပြုနိုင်ပြီဖြစ်ရာ ဒေသနေတောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှုလျော့နဲပြီးဝင်ငွေ တိုးတက်လာမည် ဖြစ်ကြောင်း၊ တချိန်တည်းတွင် သက်ဆိုင်ရာ ဌာနများ အနေဖြင့်လည်း စိုက်ပျိုးရေခြွေတာရေး နှင့် အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေးအတွက် ရေစီမံခန့်ခွဲမှုနည်းလမ်းများ၊ သီးနှံပုံစံများကို ဖြန့်ဝေပေးရန် ၊ တန်ဖိုးမြင့်သီးနှံများ ပြောင်းလဲ စိုက်ပျိုးနိုင်ရန်လိုအပ်သည့် နည်းပညာနှင့် အကူအညီများပေးအပ်နိုင်ရေး အစီအမံများ ထိရောက်စွာ ဆောင်ရွက်ရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ရှိ ကျောင်းစုလျှပ်စစ်မြစ်ရေတင်စီမံကိန်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တာဝန်ရှိသူများအား ဆွေးနွေးပြောကြားခဲ့ပါတယ်။

အသုံးပြုလျက်ရှိနေသည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းများကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည် စွမ်းအင်သုံးဆိုလာစနစ်ဖြင့် ပြောင်းလဲအသုံးပြု ဆောင်ရွက်လျက်ရှိရာ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း မြစ်ရေတင်စီမံကိန်း(၇)ခု၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး ရှိ ကျောင်းစုလျှပ်စစ် မြစ်ရေတင်စီမံကိန်း၊ မကွေးတိုင်းဒေသကြီးရှိ ကမ်းနီ နှင့် ကံမလေး လျှပ်စစ်မြစ်ရေတင် စီမံကိန်းများ၌ ဆိုလာစနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ပါတယ်၊ မန္တလေးတိုင်းဒေသကြီးရှိ လက်ပံခြေပေါ် နှင့် ငါ့သရောက်၊ စစ်ကိုင်းတိုင်းဒေသကြီး ရှိ ပျော့ရွာ အပိုင်း-၂(PS-II) ၊ အပိုင်း-၃(PS-III) နှင့် ကတ-၉၂ တို့ကို ဖေဖေါ်ဝါရီလတွင် လုပ်ငန်းများပြီးစီးမှာဖြစ်ပါတယ်၊ လျှပ်စစ်ရေတင်(၇)ခု၏ ရေတင် အဆင့်(၈)ခုတွင် အကျိုးပြုဧကစုစုပေါင်း ၆၃၀၀ ကျော်အတွက် မိုးသီးနှံ နှင့် နွေသီးနှံစိုက်ပျိုးရေ တွေပေးဝေ နိုင်မှာဖြစ်လို့ ဒေသခံတောင်သူတွေအတွက်လည်း အကျိုးကျေးဇူးတွေကို ခံစားစေနိုင်မှာဖြစ်ပါတယ်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကလည်း ဇန်နဝါရီလ ၁၀ ရက်နေ့၌ပင် ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဖန်ခါးကျေးရွာ တောင်နဝင်း ရေသောက်စနစ် (PK-1)မြောင်းအဖျားပိုင်း ကုန်းမြင့်လယ်ယာမြေများအား နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေတင်၍ စိုက်ပျိုးရေ ပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးစဉ် ရေအသုံးချသူများ အဖွဲ့နှင့် တွေ့ဆုံ၍ စိုက်ပျိုးရေ ခြွေတာရေးအတွက် ရေစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာများကို အသုံးချဆောင်ရွက်ရန် ၊ တောင်သူများအချင်းချင်း ညှိနှိုင်း၍ ဝင်ငွေရ တန်ဖိုးမြင့်သီးနှံများ ရွေးချယ်စိုက်ပျိုးရေးကို ဆွေးနွေး ပြောကြားခဲ့ပါတယ်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေနဲ့ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာနှစ်အထိ ဆိုလာစနစ် နဲ့ ရေပေးဝေတဲ့လုပ်ငန်း (၃) နေရာ၌သာ စမ်းသပ်ဆောင်ရွက်ထားရှိပြီး ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ နောင်ခရိုင်ကျေးရွာတွင်ရေတင်လုပ်ငန်း (၁) ခု (အကျိုးပြု ဧက-၁၀၀)၊ နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကူသပိတ်ကျေးရွာတွင် မြေအောက်ရေစက်ရေတွင်း (၂)တွင်း (အကျိုးပြုဧက-၂၀) နှင့်ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်တွင် မြေအောက်စက်ရေတွင်း(၁၂)တွင်း (အကျိုးပြုဧက-၆၀)တို့ ဖြစ်ကြပါတယ်။

Solar Power ကို အိမ်သုံး လျှပ်စစ်မီးနှင့် စက်ရုံအလုပ်ရုံများတွင်သာမက စိုက်ပျိုးရေပေးဝေတဲ့ လုပ်ငန်းတွေမှာလည်း အသုံးပြုလျက်ရှိသလို လျှပ်စစ်ဖြင့်စိုက်ပျိုးရေပေးဝေခြင်း လုပ်ငန်းများမှာလည်း လျှပ်စစ်စွမ်းအင် သုံးစွဲမှုလျှော့ချရန်နှင့် ကုန်ကျစရိတ်သက်သာစေရန် ရည်ရွယ်ပြီး Solar Power များကို အစားထိုးအသုံးပြုလာကြခြင်းကြောင့် ကမ္ဘာအနှံ့ရှိ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကို အထောက် အကူပြုလျက် ရှိပါတယ်။ဌာနအနေနဲ့ တည်ဆောက်ပြီး ရေတင်လုပ်ငန်း (၂၁၀) ခုကနေ စိုက်ဧက(၂၆၆၈၃၂) ဧကကို မိုးသီးနှံနှင့်နွေသီးနှံများ စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက်လျက်ရှိသလို လျှပ်စစ်ရေတင်လုပ်ငန်းတွေမှာ လျှပ်စစ်ဓာတ်အား သုံးစွဲတဲ့ ပမာဏ များပြားခြင်း၊ ဓာတ်အားခတွေ တိုးမြင့်လာခြင်းတို့ကြောင့် ဓာတ်အားခ ကုန်ကျစရိတ်တွေလည်း မြင့်တက်လျက်ရှိနေပါတယ်။ ယခုအခါ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုတ်သုန်အထွက်စောခြင်းတို့ မကြာခဏ ဖြစ်ပေါ်လျက်ရှိတဲ့အတွက် မိုးသီးနှံများ အောင်ရေရရှိရေး နှင့် နွေသီးနှံအတွက် ရေသွင်းစိုက်ပျိုးဖို့ ပိုမိုလိုအပ်လာတဲ့အတွက်ကြောင့် ဓာတ်အားခကုန်ကျစရိတ် သက်သာနိုင်မည့် ဆိုလာတွဲဖက်တပ်ဆင်သည့် ရေတင်စနစ်များ ဆောင်ရွက်ဖို့လိုအပ်နေတာ ဖြစ်ပါတယ်။ ဆိုလာစနစ်တပ်ဆင်ခြင်းကြောင့် လျှပ်စစ်ဓာတ်အားခ၊ စက်သုံးဆီဖိုး ကုန်ကျစရိတ် သက်သာစေပြီ မိုး၊နွေသီးနှံနှစ်မျိုးစိုက် တောင်သူဆိုရင် ၉ နှစ်၊ နွေသီးနှံတစ်မျိုးတည်းဆိုရင် ၁၂ နှစ်အတွင်း အရင်းကြေနိုင်ပါတယ်ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက ပြောပြပါတယ်။

ဒါ့အပြင် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆောက်အင်းမြစ်ရေတင် စီမံကိန်း (၁၀၀၀-ဧက) ကိုလည်း National Grid & Solar (Hybrid) စနစ်နဲ့ ရေပေးဝေနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသလို အလားတူ တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေနဲ့ အသစ် တည်ဆောက်မည့် မြစ်ရေတင်စီမံကိန်းတွေမှာလည်း ဆိုလာစနစ်တွဲဖက် တပ်ဆင်နိုင်ရေးအတွက် လျာထား ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်။
ကျွန်တော်တို့ ကျေးရွာမှာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ESAP အစီအစဉ်ဖြင့် အနိမ့်တင်ပန့်(၁၀) စုံကို ဆိုလာစနစ်နဲ့တွဲဖက်တပ်ဆင်ပြီး ရေမြောင်းစနစ်တွေဆောင်ရွက်ပေးခဲ့လို့ မနှစ်က နိုဝင်ဘာလလောက်က နေစပြီး ဧက (၁၀၀) ကို ဆိုလာစနစ်နဲ့ရေတင်သွင်းပြီး စပါးစစိုက်ခဲ့ပါတယ်။ ဆင်းသုခစပါးပဲ စိုက်ကြ တာများပါတယ်။ ဒီအကျိုးပြုဧက ၁၀၀ မှာ တောင်သူ ၁၈ ဦးလောက်ပါတာပေါ့။ အလှည့်ကျရေတင်သွင်း ကြရပါတယ်။ ဆိုလာတွေကိုလည်း ကျွန်တော်တို့အဖွဲ့တွေ ကိုယ့်ဘာသာ ထိန်းသိမ်းကြရတာပါ။ အရင်က ဆိုလာစနစ်နဲ့ ရေတင်သွင်းစိုက်ပျိုးမှုမရှိခင်က မြောင်းထဲကရေကို ဒီဇယ်အင်ဂျင်နဲ့စုပ်ယူပြီး ရေတင်သွင်း စိုက်ပျိုးခဲ့ရတော့ ငွေကုန်ကျမှုကတော်တော်များခဲ့ပါတယ်။ အခု ဒီဆိုလာစနစ်နဲ့ရေတင်တဲ့ အခါမှာတော့ ဒီဇယ်ဆီဖိုးကုန်ကျ မှုတွေအတွက် ငွေကုန်ကျမှုတွေ သက်သာသွားပါတယ်။ တခြားတောင်သူ တွေကလဲ ဒီဆိုလာစနစ်နဲ့ ရေတင် သွင်းတာကို သဘောကျကြလို့ သူတို့လဲ လုပ်ချင်တယ်ဆိုပြီး သက်ဆိုင်ရာ ဌာနကို တင်ပြထားတာတွေလဲ ရှိပါတယ်ဟု ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ခရိုင်ရွာကတောင်သူ ဦးစောနေလင်းထွေးက ပြောပြပါတယ်။

ဆိုလာပြားတပ်ပြီးတော့ ဒီဇယ်ဆီဖိုးသက်သာသွားပါတယ်။ တစ်နှစ်ကို သုံးသိန်းလောက်သက်သာ ပါတယ်။ အရင်ကတော့ အဝီစိတွင်းတူးထားတာပေါ့။ ကျွန်တော်တို့ ကူသပိတ်ကွင်းက စိုက်ဧက တွေကကျတော့ မိုးရေနဲ့အဓိကစိုက်ပျိုးပြီး မိုးမကောင်းရင်တော့ စပါးသီးနှံတွေ အထွက်မကောင်းဘူးပေါ့။ အခုတော့ ဆိုလာစနစ်နဲ့ ဖြည့်စွက်ရေတင်သွင်းလို့ရတော့ စပါးစိုက်ပြီးလို့ ရိတ်ပြီးသွားရင် အရင်က မတ်ပဲကိုပဲကျဲခဲ့တာကနေ နေပူရင်ပူသလိုရေတင်လို့ရတဲ့ ဆိုလာရေတင်စနစ်နဲ့က နောက်တစ်သီးမှာလဲ စပါးထပ်စိုက်ဖို့အဆင်ပြေနိုင်တာပေါ့။ အဲဒီတော့ သီးနှံအထွက်နှုန်းတွေလဲ ပိုလာနိုင်တာပေါ့ဟု နေပြည်တော် လယ်ဝေးမြို့နယ် ကူသပိတ်ကျေးရွာက တောင်သူ ဦးလှဝင်း ပြောပြပါတယ်။ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ စိုက်ပျိုးရေ ရရှိရေးအတွက် အဓိက ဆောင်ရွက်လျက်ရှိရာ ရေသောက်ဧရိယာများအတွင်းရှိ စိုက်ပျိုးမြေတွေကို တစ်နှစ် ပတ်လုံး စိုက်ပျိုးရေ လုံလောက်စွာပေးဝေနိုင်ရေးနှင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေကြောင့် စိုက်ပျိုးသီးနှံများ ရေလိုအပ် လာပါက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) ဖြစ်တဲ့ နေစွမ်းအင်ကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျော့ချနိုင်ပြီး မီတာခနှင့် ပြုပြင်ထိန်းသိမ်း စရိတ်တွေ သက်သာလာပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အထောက်အကူပြု နိုင်မည့် (Solar Pump Irrigation System) ဆိုလာစနစ်ဖြင့် ရေပေးဝေခြင်းစနစ်ဖြင့် ဆောင်ရွက်နိုင်မည့် ဒေသတွေကိုလေ့လာဖော်ထုတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ထုတ် လယ်ယာစီးပွားသတင်းဂျာနယ် တွင် ဖော်ပြထားသည့် ဆောင်းပါးရှင်-ဗဟိန်း ၏ စာမူအား ပြန်လည်ကူးယူဖော်ပြပါသည်။