ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၁)ကြိမ်မြောက် အစည်းအဝေးကျင်းပ

ပြည်တွင်းစားနပ်ရိက္ခာဖူလုံပိုလျှံရေး နှင့် လယ်ယာထွက်ပြည်ပပို့ကုန်ကဏ္ဍ တိုးမြှင့်ရေး အတွက် ဆန်စပါး၊ ပဲမျိုးစုံ ဆီထွက်သီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံများအပါအဝင် စီးပွားရေး တွက်ခြေကိုက်ပြီး အရည်အသွေးကောင်းသည့် သီးနှံများ တိုးတက် စိုက်ပျိုး ထုတ်လုပ် နိုင်ရန် အရည်အသွေးပြည့်ဝသော မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖူလုံစွာအသုံးပြုနိုင်ရေးအတွက် အစိုးရ အပိုင်းက မျိုးသစ်ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းများကို ဥပဒေများနှင့်အညီ စိစစ် ထိန်းကျောင်းခြင်း အပြင် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် ဘက်စုံ ကဏ္ဍစုံမှ ဆောင်ရွက်ပေးလျက်ရှိ သကဲ့သို့ မျိုးစေ့ဆိုင်ရာပုဂ္ဂလိက နှင့် တောင်သူများအနေဖြင့်လည်း တည်ဆဲ ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း မတ်လ(၃၀)ရက်နေ့ က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအ‌ဝေး ခန်းတွင် ကျင်းပပြုလုပ်သည့် မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီ၏ (၂၁)ကြိမ်မြောက် အစည်းအဝေး တွင် ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် အဆိုပါ အစည်းအဝေး သို့ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပုဂ္ဂလိက ကုမ္ပဏီများက တင်ပြလာသည့် သီးနှံမျိုးသစ် အသိအမှတ်ပြု လက်မှတ် လျှောက်ထား လာမှုများကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ကုမ္ပဏီ၊ ဌာန၊ အဖွဲ့အစည်းများ၏ တင်ပြလာသော သီးနှံမျိုးသစ်အသိအမှတ်ပြု လက်မှတ် ရရှိရေး တင်ပြလျှောက်ထားလာမှုများကို သက်ဆိုင်ရာ ပညာရှင်အစုအဖွဲ့များက စိစစ်ပြီး သီးနှံမျိုးစေ့ ဆိုင်ရာနည်းပညာကော်မတီ မှတစ်ဆင့် ထောက်ခံတင်ပြလာသော ကိစ္စရပ်များ ကို  မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ(NSC)အစည်းအဝေးများတွင်ဆွေးနွေးစိစစ်ပြီး သီးနှံမျိုးသစ်အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေး ခဲ့ရာ (၂၀)ကြိမ်မြောက် အစည်းအဝေးအထိ သီးနှံ(၇၆)မျိုး၏ မျိုးကွဲ (၁၃၂၀)မျိုး နှင့် မိဘမျိုးလိုင်း (၁၆၈) လိုင်း၊ စုစုပေါင်း (၁၄၈၈) မျိုး တို့ကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် (၂၁)ကြိမ်မြောက် အစည်းအဝေး တွင် သီးနှံ(၃)မျိုး၏ မျိုးပြား(၁၂)မျိုး နှင့် အချက် အလက်စာရွက်စာတမ်းများ ပြည့်စုံစွာတင်ပြလာသော သီးနှံ(၁၃)မျိုး၏ မျိုးပြား(၂၈)မျိုး၊ စုစုပေါင်း မျိုးသစ် (၄၀)မျိုး တို့ကို ထပ်မံစိစစ်ပြီး မျိုးသစ် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရေး ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။