အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများ ကို ကာလတိုအတွင်း တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် တစ်ဧက၏ ဆီထုတ်လုပ်နိုင်မှု အများဆုံးဖြစ်သည့် စပ်မျိုး နေကြာသီးနှံကို ပဲခူးတိုင်းဒေသကြီး အတွင်း တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ဒေသ ရေ၊ မြေနှင့်ကိုက်ညီသည့် နေကြာမျိုးသန့်များ အသုံးပြု နိုင်ရေး၊ တောင်သူများအတွက် ဝင်ငွေ အကျိုးအမြတ် ရှိစေမည့် အထွက်နှုန်းရရှိရေး ၊ သွင်းအားစု အပါအဝင် လိုအပ်ချက်များ ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်နိုင်ရေး၊ ထွက်ရှိလာမည့် နေကြာသီးနှံများကို စားသုံးဆီ အဖြစ် ထုတ်လုပ်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းရှင်များနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးဌာနအပိုင်း နှင့် တိုင်းဒေသကြီးအစိုးရ ပိုင်းတို့မှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး၌ ၂၀၂၁-၂၀၂၂ခုနှစ်အတွင်း မိုးစပါး နွေစပါး စုစုပေါင်း ဧက သိန်း(၃၀)ခန့် ၊ ပဲမျိုးစုံ ဧက သိန်း(၂၀)ကျော် ၊ ဆီထွက်သီးနှံ ဧက (၄) သိန်းခန့် နှင့် သီးနှံစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး လာမည့်စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံနေကြာကို ဧက (၈၅၀၀၀) ကျော် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော် ကျေးရွာအုပ်စု ရှိ ပုဂ္ဂလိက ငါး၊ ပုစွန် မွေးမြူရေးစခန်း ၏ ရေချိုပုစွန်ထုတ်ကြီးမျိုးသားဖေါက်ခြင်း၊ မွေးမြူရေးတောင်သူများသို့ ဖြန့်ဝေခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ငါး၊ ပုစွန် ကဏ္ဍ တိုးတက်ရေး အတွက် ဌာန နှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ မွေးမြူရေးတောင်သူများ အချိတ် အဆက်မိမိ ဆောင်ရွက်ကြရန်လို အပ်ချက်များ ၊ ပြည်ပပို့ကုန်များအတွက် နိုင်ငံတကာ စံချိန် စံညွှန်းများ၊ သက်ဆိုင်ရာ နိုင်ငံများ၏ သတ်မှတ်ချက်များ နှင့် ကိုက်ညီရန် လိုအပ်ချက်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဆွေးနွေးမှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ကျုံတုံးကြီးကျေးရွာ နွေစပါး မျိုးစေ့ထုတ်တောင်သူစိုက်ကွင်းတွင် ဆင့်ပွားမိဘ မျိုးစေ့ (RS) မှ စီးပွားဖြစ်စိုက်ပျိုးရန် (CS) ဆင်းသုခ စပါးမျိုး စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး၊ တောင်သူများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီး က သဘာဝမြေသြဇာ ဘိုကာရှီ ထုတ်လုပ် သုံးစွဲရေး၊ တောင်သူ အချင်းချင်း နည်းပညာ ဖလှယ်ရေး နှင့် သီးနှံစိုက် စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မြောင်းမြမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း သို့ရောက်ရှိပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ရင်းရင်းနှီးနှီး တွေ့ဆုံကာ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သူများ တိုးပွားရေး ကြိုးပမ်းဆောင်ရွက် ကြရန် နှင့် ဒေသရေမြေရာသီဥတု အခြေခံကောင်းများကို ဖော်ထုတ် အသုံးချနိုင်သဖြင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင် နိုင်သူများ အဖြစ် ရပ်တည်နိုင်ရေး လေ့လာသင်ယူကြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ ထို့နောက် ကျောင်းသူ ကျောင်းသားများအတွက် စားသောက်ဖွယ်များကို ဒုတိယဝန်ကြီး က ပေးအပ်ရာ ကျောင်းသူ ကျောင်းသားကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြောင်းမြမြို့၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန သို့ရောက်ရှိကြပြီး ဒေသ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အတွက် လိုအပ်သော သီးနှံမျိုးများ၊ နည်းပညာနှင့် စျေးကွက် သတင်းအချက်အလက်ဆိုင်ရာ သုသေသန လုပ်ငန်း ဆောင်ရွက်နေမှုများ၊ သဘာဝနှင့် ဓါတ်မြေသြဇာထည့်သွင်းမှုနည်းစနစ် အမျိုးမျိုး၏ အထွက်နှုန်းနှင့် အရည်အသွေးပေါ် အကျိုးသက်ရောက်မှု သုတေသနပြု စိုက်ခင်းများ၊ မျိုးယှဉ်ပြိုင် စမ်းသပ် ကွက်များကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။