ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မကွေးတိုင်းဒေသကြီး တွင် နေကြာဧက(၄)သိန်းကျော် တိုးချဲ့ စိုက်ပျိုးသွားမည်

 

ပြည်တွင်းစားသုံးဆီဖူလုံရေး အပြင် ပြည်ပပို့ကုန်တိုးမြှင့်ရေးကို မျှော်မှန်းကာ အထွက်ကောင်း၍ အရည်အသွေးမြင့်မားသော ဆီထွက်သီးနှံ မျိုးသစ်များ အသုံပြု စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ၊ တောင်သူများ အတွက် တွက်ခြေကိုက်သည့် သီးနှံအတွက်နှုန်း နှင့် ဝင်ငွေ အကျိုးအမြတ် ရရှိစေရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့် စိုက်ပျိုးရာသီ မှ စတင်၍ မကွေးတိုင်းဒေသကြီးအတွင်း အထူးဇုန်များ သီးထပ် သီးညှပ်ဧရိယာများ ပိုင်းခြား သတ်မှတ်ပြီး မိုးနေကြာ ဧက(၁)သိန်းကျော် ၊ ဆောင်းနေကြာ ဧက (၃)သိန်းခန့်ဖြင့် စုစုပေါင်း နေကြာဧက(၄)သိန်းကျော် တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ရာ သက်ဆိုင်ရာ ဌာနများ တောင်သူများ လုပ်ငန်းရှင်များက ကျရာအခန်းကဏ္ဍများက ပူးပေါင်းကြိုးပမ်းကြစေ လိုကြောင်း မတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် သီးနှံပုံစံ စံပြကွက်အား ကြည့်ရှုစစ်ဆေးစဉ်  ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့သစ်မြို့နယ် သီးနှံပုံစံ စံပြကွက်တွင် မိုးစပါး၊ ဆောင်းကုလားပဲ နှင့် နေကြာသီးညှပ် စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသနေတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ သွင်းအားစုများ စနစ်တကျအသုံးပြုရေး၊ ဝင်ငွေတိုးတက်ရရှိရေး နှင့် တောင်သူများ၏ လူနေမှု အဆင့်အတန်းမြင့်မားရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

နေ့လည်ပိုင်းတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တွေ့ဆုံ၍ မကွေးတိုင်း ဒေသကြီးအတွင်း ဆီထွက်သီးနှံ တိုးချဲ့ စိုက်ပျိုးရေး ၊ တောင်သူများ၏ ဝင်ငွေတွက်ခြေကိုက်မည့် မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေး၊ သွင်းအားစု အရင်းအနှီးရရှိရေး နှင့် နည်းပညာပြန့်ပွားရေး ဆောင်ရွက်မည့် အစီအစဉ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအနီး ရဲနွယ်ရေလှောင်တမံ သို့ ရောက်ရှိကြပြီး တမံကြံ့ခိုင်ရေးအတွက် ကျောက်ကြီး ထပ်ပိုးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသ ရေကြီးမှု ကာကွယ်ရေး၊ ရေအား လျှပ်စစ်ထုတ်လုပ်ရေး နှင့်  ဒေသအတွက် စိုက်ပျိုးရေ နှင့် သောက်သုံး ရေ ပေးဝေနေမှု လုပ်ငန်းများ ကိုလည်းကောင်း ကြည့်ရှု စစ်ဆေးကာ ဒုတိယဝန်ကြီး က ဆည်တမံ ဘေးကင်းလုံခြုံရေး အတွက် စဉ်ဆက်မပြတ် လေ့လာ စစ်ဆေးမှုများ ဆောင်ရွက်ရန်လိုအပ်ချက်များ ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအနီး ရဲနွယ်ချောင်းပေါ်တွင် တည်ဆောက်ထားပြီး၊ မြေသားတမံ အမျိုးအစားဖြစ်သည့် ရဲနွယ်ရေလှောင်တမံ မှာ ကန်ရေပြည့် ရေလှောင်ပမာဏ (၉၃၁၈၀၀) ဧကပေ ရှိပြီး တမံကြံ့ခိုင်ရေးအတွက် ကျွမ်းကျင်သူများ၏ အကြံပြု ဒီဇိုင်းပုံစံများအတိုင်း ကျောက်ကြီးထပ်ပိုးခြင်း၊ မြေသားအားဖြည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။